News

POST TYPE

NEWS

ရန်ကုန်တိုင်းအတွင်းရှိ စည်းကမ်းမဲ့သွယ်တန်းထားသည့် ဖိုက်ဘာကြိုးများ ဒုတိယအကြိမ် ရှင်းလင်းမည်
21-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများနှင့်အတူ တရားမဝင်သွယ်တန်းထားသည့် ဖိုက်ဘာကြိုးများကို ဖြုတ်ချရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

“တရားမဝင်သွယ်တန်းထားတဲ့ ဖိုက်ဘာကြိုးတွေကို တရားဝင်လိုင်စင် လုပ်ထားတဲ့ကုမ္ပဏီတွေနဲ့အတူ လိုက်စစ်တယ်။ အဲဒီနေရာမှာ ပိုင်ရှင်မပေါ်တဲ့ ကြိုးတွေ ကိုတစ်ခါတည်းဖြုတ်ချတယ်” ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဌာနမှူး ဦးလင်းခိုင်က ပြောကြားသည်။

လက်ရှိ မြေပြင်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး လမ်းအလိုက် စစ်ဆေးလျက်ရှိရာ ပြည်လမ်းတစ်လျှောက်၊ အလုံလမ်းနှင့် Down Town မြို့နယ်များရှိ လမ်းများတွင် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါကေဘယ်လ်များကို ခရိုင်အလိုက် အပိုင်း ၆ ပိုင်းခွဲ၍ လုပ်ကိုင်ခွင့်များ ဆောင်ရွက်ကာ တင်ဒါအောင်မြင်သည့်ကုမ္ပဏီက ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။ 

တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် စာချုပ်ချုပ် ဆိုမည်ဖြစ်ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် တရားဝင် အင်တာနက်ဖိုက်ဘာလိုင်း ပြေးဆွဲခွင့် ကုမ္ပဏီ ၂၃ ခုကို စည်ပင်က သတ်မှတ်လမ်း အသုံးပြုခများဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် အဆိုပါကေဘယ်လ်လုပ်ကိုင်ခွင့်အတွက် ခရိုင်အလိုက် ကေဘယ်လ် EOI များခေါ်ယူရာတွင် ကုမ္ပဏီ ၃၆ ခု လာရောက်လျှောက်ထားကြောင်း လမ်းနှင့် တံတားဌာနထံမှ သိရသည်။

အဆိုပါကေဘယ်လ်လိုင်းများ ဖြုတ်သိမ်းမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားပြီးဖြစ်ပြီး နောက်ပိုင်းတွင် အိမ်ခေါင်မိုးပေါ်များတွင် တပ်ဆင်ထားသည့်တာဝါတိုင်များလည်း လမ်းဘေးနေရာများတွင် ပြောင်းရွှေ့လုပ်ကိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်