News

POST TYPE

NEWS

တပ်မတော်နှင့် ကြံ့ခိုင်ရေး တင်သွင်းသော ခြေ/ဥ မူကြမ်းများကို NLD တင်သွင်းထားသည့် မူကြမ်းနှင့်ပေါင်းရန် တင်ပြ
21-Nov-2019
နေပြည်တော်၊ နိုဝင်ဘာ ၂၀
 
တပ်မတော်၊ ကြံ့ခိုင်ရေးပါတီတို့က တင်သွင်းထားသည့် အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးအစိတ်အပိုင်းမူကြမ်းများကို NLD ပါတီ၏ ဥပဒေတစ်ရပ်လုံး ခြုံငုံသုံးသပ်ပြင်ဆင်ရေးမှ အတည်ပြုထားသည့် ပူးပေါင်းကော်မတီ (၄၅ ဦး ကော်မတီ) တွင် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် လေ့လာစိစစ်ရေးကော်မတီက လွှတ်တော်သို့ တင်ပြလိုက်သည်။

နိုဝင်ဘာ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်ကိုယ်စားလှယ် ၁၄၄ ဦး တို့က စက်တင်ဘာလ ၂၀ ရက်က တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ လေ့လာစိစစ်ရေးကော်မတီက အထက်ပါအတိုင်း တင်ပြလာခြင်း ဖြစ်သည်။

“ဥပဒေမူကြမ်း လေးခု ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်းများဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းချက် အချို့ကိုသာ ပြင်ဆင်ဆောင်ရွက်ရန် တင်ပြထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ခုလုံးအပေါ် သုံးသပ် ပြင်ဆင်ဆောင်ရွက်ထားသည့် ပြင်ဆင်ချက်များ ပါဝင်လာမှာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ကော်မတီကိုယ်စား တင်ပြပြောဆိုသည်ကို တွေ့ရှိရသည်။

လွှတ်တော်သို့ ရောက်ရှိနေသော ဥပဒေကြမ်းလေးခုမှာ ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျောင်းကုန်းမဲဆန္နယ်မှ ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းထွန်း ဦးဆောင် တင်သွင်းခဲ့သော ဥပဒေကြမ်း၊ မေလ ၂၉ တွင် မိတ္ထီလာ မဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီဝင် ဒေါက်တာမောင်သင်းဦးဆောင်တင်သွင်းခဲ့သော ဥပဒေကြမ်း၊ စက်တင်ဘာ ၁၇ ရက်က တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်တင်သွင်းခဲ့သော ဥပဒေကြမ်းနှင့် စက်တင်ဘာ ၁၇ ရက်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် ဦးဆောင်တင်သွင်းခဲ့သည့် ယခု ဥပဒေကြမ်းတို့ ဖြစ်သည်။

NLD အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို ဇန်နဝါရီ ၂၉ ရက် ဦးစွာ တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း အရေးကြီးအဆိုအဖြစ် တင်သွင်းခြင်း၊ အခြေခံဥပဒေပါ ပြင်ဆင်ခြင်း ပြဋ္ဌာန်းချက်ဖြစ်သည့် ဥပဒေကြမ်းတစ်ရပ် တစ်ပါတည်း တင်သွင်းခြင်းမဟုတ်သောကြောင့် ဥပဒေနှင့်မညီ၍ ကန့်ကွက်ကြောင်း တပ်မတော်၊ ကြံ့ခိုင်ရေးပါတီအပြင် တိုင်းရင်းသား ကိုယ်စားလှယ်အချို့က ကန့်ကွက်နေဆဲလည်း ဖြစ်သည်။

ယင်းအပြင် ယနေ့ (နိုဝင်ဘာလ ၂၀) ညနေပိုင်းက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဗိုလ်မှူးချုပ် မောင်မောင်တင်သွင်းထားသည့် ပြင်ဆင် ရေးမူကြမ်းအပေါ် လေ့လာစိစစ်ရေး ကော်မတီ၏ သဘောထားမှတ်ချက် အပါအဝင် ၄၅ ဦး (ပူးပေါင်းကော်မတီ) သို့ ထည့်သွင်းလုပ်ဆောင်ရန် တင်ပြထားချက်ကို တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီဝင်အပါအဝင် ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောတို့က ကန့်ကွက်နေသည်ကို တွေ့ရသည်။

S-01