News

POST TYPE

NEWS

ပုဒ်မ ၅၀၅(က) အမိန့်ချပြီးသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ထပ်မံစစ်ဆေး
20-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၀ 

တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)အတွက် နိုဝင်ဘာ ၂၀ရက် ကမရမ်းကုန်းတရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်မြင့် ကပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်ပါ(၄)ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ယင်းတရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ထားပြီးဖြစ်သည်။ 
ယင်းသို့ ပုဒ်မ၅၀၅(က) နှင့်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အမှုများတွင် အသုံးပြုသော သက်သေခံစာရွက်စာတမ်းများမှာ တူညီနေသောကြောင့် တရားဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း တရားစွဲခံရသူ ကိုဇေယျာလွင်က ပြောသည်။

“၅၀၅ နဲ့ စွဲတော့လည်း ဒီသက်သေခံပဲ ၆၆(ဃ)နဲ့ စွဲတော့ ဒီသက်သေခံပဲ တရားမျှတမှုမရှိဘူးလို့ ကျနော်ထင်တယ်”ဟု ၎င်းက ဆိုသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်ပါ(၄)ဦးကို တရားခံစစ်ဆေးချက်ပြီးစီးဖြစ်၍ နိုဝင်ဘာ ၂၈ရက်တွင် လျှောက်လဲချက်တင်ပြီးပါက နောက်ပြန်လည်ချိန်းဆိုမည့် ရုံးချိန်းများတွင် အမိန့်ချနိူင်ဖွယ်ရှိကြောင်း တရားလွှတ်တော်ရှေ့ နေဒေါ်စန်းစန်းမြင့်က ပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မ ကေခိုင်ထွန်း တို့ (၅) ဦးကို ထောင်ဒဏ် (၁) နှစ် ကျခံစေရန် မရမ်းကုန်းမြို့နယ် တရားရုံးက အောက်တိုဘာ ၃၀ရက်နေ့ တွင်အမိန့်ချမှတ်ခဲ့ကာ ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ဗိုလ်တစ်ထောင်တရားရုံးမှ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မကေခိုင်ထွန်း၊ မဆုရတနာမြင့်တို့ကို ပုဒ်မ ၅၀၅(က)အတွက် အလုပ်နှင့် ထောင်ဒဏ် (၁) နှစ်ထပ်မံမှတ်ခဲ့ကာ ကိုငြိမ်းချမ်းစိုးကိုမူ တရားသေလွှတ်ပေးခဲ့သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၉ ဧပြီလ အတွင်း ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပါတ်သတ်၍ သံ ချပ်ထိုးခဲ့ရာ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှုးကြီးသန်းထွန်းမြင့်က ဧပြီ ၂၂ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၌ ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။

အေးချမ်းသူ