News

POST TYPE

NEWS

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဆရာမအတွက် ပြည်နယ်အစိုးရက ကျပ်သုံးသိန်း ထောက်ပံ့မည်
20-Nov-2019
ကလေး၊ နိုဝင်ဘာ ၁၉

တွန်းဇံမြို့နယ် ဗဲလ်ဇန်ရွာတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် မူလတန်းပြ ကျောင်းဆရာမ ဒေါ်ဒိမ်လွန်မန်အတွက် နာရေးကူညီမှုအဖြစ် ချင်းပြည်နယ်အစိုးရက ကျပ်သုံးသိန်း ထောက်ပံ့မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

ကျောင်းဆရာမ ဒေါ်ဒိမ်လွန်မန်သည် နိုဝင်ဘာ ၁၇ ရက် ည ၁၀ နာရီခန့်က ၎င်းနေအိမ်တွင်ရှိနေစဉ် အိန္ဒိယနိုင်ငံအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက လာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

တရားခံကို အမြန်ဆုံးဖမ်းမိရေးအတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောကြားသည်။

ထို့ပြင် ချင်းပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေပြီး ကျောင်းဆရာမ၏ နာရေးနှင့် ကျန်ရစ်သူမိသားစုများကို ထောက်ပံ့ကူညီ နိုင်ရေး စီစဉ်ထားကြောင်း လူမှုရေးဝန်ကြီးက ပြောကြားသည်။ 

“ပညာရေး ဦးစားပေးနေတဲ့အချိန်၊ ဆရာ၊ ဆရာမ ရှားပါးတဲ့အချိန်မှာ ဒီလိုဖြစ်သွားတာ တကယ်ပဲစိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီကိစ္စက အဖွဲ့အစည်းနဲ့မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စလို ဖြစ်နေတယ်လို့ ရှင်းရှင်းလင်းလင်းကြားသိရတယ်”ဟု ၎င်းက ပြောကြားသည်။ 

“ဒါကြောင့် အလားတူဖြစ်ရပ်မျိုး မဖြစ်အောင် ဝန်ထမ်းများဘက်ကရော၊ အစိုးရဘက်ကပါ တရားဥပဒေစိုးမိုးရေးကို ပိုပြီး အားစိုက်ဖို့လိုမယ်”ဟု လူမှုရေး ဝန်ကြီးက ထပ်မံပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် ကျေးရွာသည် တွန်းဇံမြို့နှင့် မိုင်ပေါင်း ၇၀ ခန့်ကွာဝေးပြီး မြန်မာ-အိန္ဒိယ နယ်စပ်အနီးနှင့် နှစ်ဖာလုံခန့်အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်သည်။

ကျောင်းဆရာမကို သေနတ်ဖြင့် ပစ်ခတ်သူသည် ၎င်းကျေးရွာနှင့် တစ်ဖက်ခြမ်း အိန္ဒိယနိုင်ငံဘက်တွင် နေထိုင်သူဖြစ်ပြီး သေနတ်ဖြင့်ပတ်ခတ်ပြီးနောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်သွားခဲ့ကြောင်း ဟိုင်ကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကမ်ဇအင်းက ပြောသည်။

ကျောင်းဆရာမ ဒေါ်ဒိမ်လွန်မန်သည် ချင်းပြည်နယ် ခိုင်ကမ်းမြို့ဇာတိဖြစ်ပြီး ဗဲလ်ဇန်ကျေးရွာ မူလတန်းကျောင်းတွင် ၂၀၁၇ ခုနှစ်မှ စတင်ကာ မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စတုတ္ထတန်းကို တာဝန်ယူ သင်ကြားနေခြင်း ဖြစ်သည်။

ဒေါ်ဒိမ်လွန်မန်သင်ကြားသည့် အတန်းတွင် ယခုနှစ် တက်ရောက်သည့် ကျောင်းသား စုစုပေါင်း နှစ်ဦးသာရှိပြီး တစ်ကျောင်းလုံးတွင် ကျောင်းသား၊ ကျောင်းသူ ၇ ဦး၊ ဝန်ထမ်းသုံးဦးရှိကြောင်း အဆိုပါကျောင်းအုပ်ကြီး ဦးသွင်းဒို့ခမ်က ပြောကြားသည်။

အသတ်ခံရမှုတွင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်သား ကသည်းလူမျိုး ဘိနော်ဆိုသူက သေနတ်ဖြင့် ရင်ညွန့်ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအရပ်ဘက်အဖွဲ့ ၃၀ ခန့်၏ နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနတို့က လူသားချင်းစာနာ ထောက်ထားမှုဖြင့် နှစ်သိမ့်အားပေးရန်၊ ဇိုမီးထုံးစံနှင့်အညီ ကွယ်လွန်သူဆရာမအတွက် တာဝန်ယူဆောင်ရွက်ပေးရန် ယင်းအဖွဲ့များက တောင်းဆိုသည်။ 

ကျူးလွန်သူကို အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူပေးရန်ကိုလည်း ချင်းအရပ်ဘက်အဖွဲ့များက ထည့်သွင်းတောင်းဆိုသည်။ 

ထို့ပြင် မိသားစုနှင့်ခွဲပြီး ဝေးလံဒေသတွင် တာဝန်ထမ်းနေကြသည့် ဆရာ၊ ဆရာမများ၊ သူနာပြုများ၏နေ့စဉ်ဘဝ လုံခြုံရေး အာမခံချက်ရှိရန် အာဏာပိုင်အဖွဲ့များက တာဝန်ယူပေးရန် ယင်းအဖွဲ့များက တောင်းဆိုထားသည်။

R-20