News

POST TYPE

NEWS

သမာသမတ်ရှိသည့် ရွေးကောက်ပွဲကော်မရှင်ဖြစ်ရေး အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ကြံ့ခိုင်ရေးဆို
20-Nov-2019


ပုသိမ်၊ နိုဝင်ဘာ ၁၉

သမာသမတ်ကျပြီး ကော်မရှင်၏ ဥပဒေ၊ နည်းဥပဒေကို တိတိကျကျ လိုက်နာသော ရွေးကောက်ပွဲကော်မရှင်ဖြစ်ရေး အဓိကကျသည့် စိန်ခေါ်မှုဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုသည်။ 

ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီက နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၌ သတင်းစာရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တိုင်းကြံ့ခိုင်ရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးဝင်းကိုကိုက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“မှန်ကန်သော အတိုက်အခံပါတီ အဖြစ်ရပ်တည်ဖို့ ပါတီဥက္ကဋ္ဌက ပြောထားပါတယ်။ ကော်မရှင်မှာ ပါတီအရောင် အသွေးကင်းတဲ့သူတွေ ဖြစ်စေချင်တယ်။ ပါတီလွှမ်းမိုးမှုရှိနေတဲ့သူတွေနဲ့ဖွဲ့ထားတာမျိုး မဖြစ်စေချင်ဘူး။ သမာသမတ်ကျကျနဲ့ လုပ်မယ့်ကော်မရှင်ဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကော်မရှင်ကို ထိုစဉ်က နိုင်င်ငံတော်အဆင့်၊ တိုင်းဒေသအဆင့်၊ ခရိုင်/မြို့နယ်၊ ရပ်/ကျေး အဆင့်များကို ပါတီအရောင်ကင်းပြီး နယ်ပယ်စုံကို လွှမ်းမိုးနိုင်သော သမာသမတ်ကျသောသူများဖြင့် ဖွဲ့စည်းနိုင်ခဲ့သဖြင့် ဘက်လိုက်မှုနည်းပါးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဧရာဝတီတီုင်းအတွင်းရှိ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ်အားလုံးတွင် ပြည်သူလက်ခံသော ကိုယ်စားလှယ်လောင်းများဖြင့် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ကြောင်း ယင်းပါတီ၏ တိုင်းဒေသကြီး သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

R-12