News

POST TYPE

NEWS

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အမှုကိစ္စ သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံထံ စာတင်မည်
19-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ၊ ၁၉

တပ်မတော်မှ တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အမှုကိစွအတွက် နိူင်ငံတော်သမ္မတနှင့် နိူင်ငံတော်အတိုင်ပင်ခံ ထံသို့စာတင်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်မြင့်က ပြောသည်။

“ကျောင်းသားတွေကို ထောင်ထဲမှာ အချိန်ကြာကြာနေစေလိုတဲ့ ဆန္ဒနဲ့တရားစွဲသလို ဖြစ်နေတယ်။ အဲဒါကြောင့် သမ္မတနဲ့ အတိုင်ပင်ခံ ဆီစာတင်သွားမှာပါ”ဟု ၎င်းကဆိုသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အား တပ်မတော်မှ ပုဒ်မ ၅၀၅(က)အား အမိန့်ချရန်နီးကပ်လာချိန်တွင် ဆက်သွယ်ရေးဥပဒေပုဒ် မ၆၆(ဃ)ဖြင့် ထပ်မံတရားစွဲခြင်းသည် ကျောင်းသားများကို ထောင်ထဲတွင် အချိန်အကြာကြီးနေစေလိုသည့် ရည်ရွယ်ချက်ဖြစ်ကာ ရန်ကုန်တွင်တရားစွဲဆိုသွားသော အမှုများပြီးဆုံးပါက ဧရာဝတီတိုင်းတွင် ဆက်လက်ရုံးထုတ်စစ်ဆေးမည်ဖြစ်သည့်အတွက် အမှုအခြေအနေကိုသိရှိနိူင်ရန် စာတင်ရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။
ထို့ပြင် တပ်မတော်သည် နိုင်ငံရေးလောကတွင် မည်မျှပင်သဘောထားကြီးစေကာမူ တပ်မတော်၏ အကျိုးစီးပွားကိုထိခိုက်လာပါက ငြိမ်ခံနေမည်မဟုတ်သည်ကို တရားစွဲဆိုမှုများကို ကြည့်လျှင်သိမည်ဖြစ်ကြောင်း တကသအဖွဲ့မှ ကိုမင်းဟန်ထက်က ပြောသည်။

“တပ်မတော်ကစွဲတဲ့အမှုဆိုရင် ထောင်ကျမယ်။ တရားမျှတမှုမရှိဘူးဆိုတာ ပုံသေနည်းတစ်ခုလိုဖြစ်နေတယ် “ ဟု ၎င်းကဆိုသည်။

ကျောင်းသားများကို တပ်မတော်မှ အငြိုးအတေးဖြင့် ပုဒ်မနှစ်ခုတည်းကိုမြို့နယ်အများကြီးတွင် တရားစွဲဆိုခြင်း၊ တရားရုံးမှ တဖက်စောင်းနင်း အမိန့်ချမှုများကို မည်သူကတာဝန်ဖြေရှင်းပေးမည်ဆိုသည့်ကိစ္စနှင့် ဒေါင်းတို့မျိုးဆက်အမှုအခြေအနေ တရားရေးမဏ္ဍိုင်လွဲမှားနေမှုများကို နိူင်ငံတော်သမ္မတနှင့် နိူင်ငံတော်အတိုင်ပင်ခံထံသို့ အမှုလိုက်ရှေနေမှ တင်ပြသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဒေါ်နီလာသိန်းက ပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မကေခိုင်ထွန်း တို့ (၅) ဦးကို ထောင်ဒဏ် (၁) နှစ် ကျခံစေရန် မရမ်းကုန်းမြို့နယ် တရားရုံးက အောက်တိုဘာ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ဗိုလ်တစ်ထောင်တရားရုံးမှကို ဖေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မကေခိုင်ထွန်း၊ မဆုရတနာမြင့်တို့ကို ပုဒ်မ ၅၀၅(က)အတွက် အလုပ်နှင့် ထောင်ဒဏ် (၁) နှစ်ထပ်မံမှတ်ခဲ့ပြီး ကိုငြိမ်းချမ်းစိုးအား တရားသေလွှတ်ပေးခဲ့သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၉ ပြေီလ အတွင်း ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပါတ်သတ်၍ သံချပ်ထိုးခဲ့ရာ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှုးကြီးသန်းထွန်းမြင့်က ဧပြီ ၂၂ရက်နေ့တွင် မြိုနယ်လေးခု ၌ ပုဒ်မ၅၀၅(က) ၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 
 
အေးချမ်းသူ