News

POST TYPE

NEWS

မြန်မာနိုင်ငံကို ICJ တွင်တရားစွဲဆိုထားသည့်အမှု ဒီဇင်ဘာတွင် စတင်ကြားနာမည်
19-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံကို အရေးယူပေးရန် နိုင်ငံတကာတရားရုံး (ICJ) တွင် OIC အဖွဲ့နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုချက်ကို လာမည့်ဒီဇင်ဘာလတွင် စတင်ကြားနာရန် သတ်မှတ်လိုက်ကြောင်း ICJ က သတင်းထုတ်ပြန်ခဲ့သည်။

ပထမအကြိမ် စတင်ကြားနာမှုအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံမှ စတင်ထွက်ဆိုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထွက်ဆိုရမည်ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုတရားစွဲဆိုမှုတွင် ဂမ်ဘီယာနိုင်ငံအနေနှင့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံအနေနှင့် မျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ တရားစွဲဆိုမှုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း ထည့်သွင်းတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေနှင့်လည်း ICJ  အမှုကို နိုင်ငံတကာ ဥပဒေနှင့်အညီ တုန့်ပြန်သွားရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
 
ဖြေရှင်းမည့် နည်းလမ်းအနေနှင့် ကျယ်ပြန့်လွန်းသည့်အတွက် အသေးစိတ်ကို ရှင်းမပြနိုင်ကြောင်း မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် အမှုများအနက် ICJ မှ စွဲဆိုသည့် အမှုကိုသာဖြေရှင်းသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေနှင့် ပါဝင်ထားခြင်းမရှိသည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အာဂျင်းတီးနားနိုင်ငံက နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်နှင့် စွဲဆိုထားသည့် အမှုများကို မြန်မာနိုင်ငံအနေနှင့် ဖြေရှင်းသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
 
အဆိုပါ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် အခြေစိုက်သည့် နိုင်ငံတကာ ခုံရုံးတစ်ခုဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ICJ တရားရုံး ဆုံးဖြတ်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ကုလအဖွဲ့ဝင်အားလုံးသည် ICJ ဥပဒေနှင့် သက်ဆိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုတွင် မြန်မာနိုင်ငံကို အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂမ်ဘီယာက တရားစွဲအမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

(J - 08)