News

POST TYPE

NEWS

တနင်္သာရီတိုင်းတွင် ဦးစီးဌာနတစ်ခုနှင့် တက္ကသိုလ်အချို့ကို လဝက ဝန်ကြီးအောက်သို့လွှဲပြောင်း
19-Nov-2019
ထားဝယ်၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းရှိ ဦးစီးဌာနတစ်ခုနှင့် တက္ကသိုလ်အချို့ကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး လက်အောက်သို့ လွှဲပြောင်းလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် စက်မှုအထက်တန်းကျောင်း တို့ကို ပြီးခဲ့သည့်လခန့်က လွှဲပြောင်းလိုက်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင့်က ပြောသည်။

“လူ့စွမ်းအားနဲ့ ပတ်သက်တဲ့ဟာတွေပေါ့။ သင်တန်းရေးရာနဲ့ ပတ်သက်တဲ့ဟာတွေပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဝန်ကြီးလွှဲပြောင်းလိုက်ခြင်းကြောင့် တက္ကသိုလ်အတွက် ယခင်ထက် ပိုမိုအဆင်ပြေလာမည်ဟုမျှော်လင့်ကြောင်း နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်သူရိန်က ပြောသည်။

“ကျောင်းရဲ့လိုအပ်ချက်တွေ တောင်းချိန်မှာ ပူးပေါင်းပါဝင်တာတွေ ပိုပြီးအဆင်ပြေလာမယ်လို့ထင်တယ်”ဟု ကိုအောင်သူရိန်က ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း(ခ)ဦးဖိုးမင်းကို ယခုနှစ်ဇွန်လိုင်လက စတင်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားရေးဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်းထားသည်။

(Dawei Watch)