News

POST TYPE

NEWS

ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းသင်တန်း မန္တလေးတွင် ဖွင့်လှစ်မည်
19-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပူးပေါင်းကာ ‘ဖြောင့်မတ်တည်ကြည်မှု’ လူငယ်စခန်း ၂/၂၀၁၉ (Youth Integrity Camp 2/2019) ကို မန္တလေးမြို့ ရွှေပြည်သာဟိုတယ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၅ ရက်ကြာ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

ယင်းသင်တန်းတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အဂတိလိုက်စားမှုနှင့် သဘောသဘာဝများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ပြည်တွင်း ပြည်ပ ပညာရှင်များက ဆွေးနွေးပို့ချမည်ဖြစ်ပြီး ပြည်ပနိုင်ငံမှ လူငယ်အဖွဲ့တစ်ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိအမြင်များကို ဖလှယ်ကြမည်ဖြစ်ကြောင်း သိရသည်။

စခန်းသွင်းကာလအတွင်း နေ့ပိုင်းဘာသာရပ်များကို ရွှေပြည်သာဟိုတယ်၊ မန္တလေးတွင် ဆွေးနွေးပို့ချပြီး ညနေပိုင်းလှုပ်ရှား ဆောင်ရွက်မှုများကို မန္တလေးနည်းပညာတက္ကသိုလ်၌ပြုလုပ်၍ စခန်းသွင်းနေထိုင်ကြမည် ဖြစ်သည်။

ယင်းသင်တန်းသို့ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်။ ကောလိပ် ၈ ခု၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ် ၂ ခု၊ မုံရွာ၊ မန္တလေးမြို့များရှိ ပညာရေးကောလိပ် ၂ ခု၊ စုစုပေါင်း တက္ကသိုလ်။ ကောလိပ် ၁၂ ခုတို့မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၁၃၁ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

(M - 01)