News

POST TYPE

NEWS

တိမ်းစောင်းနိုင်သည့် သတ်မှတ်ပမာဏထက်ကျော်လွန် အဆောက်အအုံ ၈ လုံးကို ပြန်တည့်မည်
19-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငလျင်လှုပ်ပြီး တိမ်းစောင်းသွားသည့် ရန်ကုန်မြို့ရှိ တိုက်အလုံး ၂၀ ထဲမှ သတ်မှတ်ပမာဏထက် ကျော်လွန်တိမ်းစောင်းသည့် တိုက် ၈ လုံးကို ပြန်လည်တည့်မတ်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

အဆိုပါကိစ္စကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငလျင်ဖြစ်ပြီး ညတွင်းချင်း သွားစစ်ဆေးတယ်။ မနက်ကျတော့ အဖွဲ့လိုက် စစ်ဆေးတာတွေလုပ်တယ်။ အဲဒီမှာ အလုံး ၂၀ စစ်ဆေးတွေ့ရှိတယ်။ အဲဒီမှာ သတ်မှတ် Limit ကျော်တဲ့ တိုက် ၈ လုံးကို ပြန်တည့်သွားမယ်။ ဒါကလည်း ငလျင်ကြောင့် စောင်းသွားတာမဟုတ်ဘူး” ဟု ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့ရှိ တိမ်းစောင်းသည့် တိုက်များမှာ ပုဇွန်တောင်မြို့နယ်တွင် တိုက် ၁ လုံး၊ တောင်ဥက္ကလာပမြို့နယ်တွင် တိုက် ၁ လုံး၊ သင်္ဃန်းကျွန်းမြို့နယ် ၁ လုံး၊ ဒေါပုံမြို့နယ်တွင် တိုက် ၇ လုံး၊ တာမွေ မြို့နယ်တွင် တိုက် ၁၄ လုံး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိသည့်တိုက်များမှာ တိုက်ခန်းနေသူများ နေရာဖယ်ပေးခြင်း၊ တိုက်များဖြိုဖျက်ခြင်းပြုလုပ်ရန် မလိုအပ်သည့်အခြေအနေဖြစ်ပြီး သတ်မှတ်တိမ်း စောင်းမှုထက် ကျော်လွန်တိုက် ၈ လုံးကို သာ ပြန်လည်တည့်မတ်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယင်းတိုက်များ ပြန်လည်စစ်ဆေးခြင်းကို ငလျင်လှုပ်ပြီး နိုဝင်ဘာလ ၁၃ ရက် နေ့တွင် မြို့နယ်အလိုက်စစ်ဆေးမှုများပြုလုပ်၍ စစ်တမ်းများကောက်ယူခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်ကို ဦးတည်လှုပ်ခတ်သွားသည့် အင်အား ၄ ဒသမ ၁ အဆင့်ရှိ ငလျင်ကြောင့် အထပ်မြင့်တိုက် အများဆုံးတိမ်းစောင်းသွားသည်ဟူသည့် သတင်းများကြောင့် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများက ပြန်လည်စစ်ဆေးပြီး တိမ်းစောင်းနေသည့် အထပ်မြင့်တိုက်များကို ပြန်လည်တည့်မတ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်