News

POST TYPE

NEWS

တောမီးကြောင့် မီးခိုးငွေးများထူထပ်နေသောသဖြင့် ဆစ်ဒနီမြို့တော် လေထုညစ်ညမ်း
19-Nov-2019


ဆစ်ဒနီ၊ နိုဝင်ဘာ ၁၉

သြစတြေးလျနိုင်ငံတွင် တောမီးများ ထူထပ်ပြင်းထန်စွာ လောင်မြိုက်နေခြင်းကြောင့် မီးခိုးများစွာ ယှက်သန်းလျက်ရှိရာ ဆစ်ဒနီမြို့တော်ဝယ် လေထုသိပ်သည်းစွာ ညစ်ညမ်းလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

မီးလောင်ပြင်များမှ မီးခိုးများကို အားကောင်းသော လေထုက တိုက်ခိုက်ခဲ့သဖြင့် သြစတြေးလျ၏ အကြီးဆုံး မြို့ဝယ် လေထုညစ်ညမ်းမှုက အန္တရာယ်ရှိသော အဆင့်ကို ရောက်ရရှိသွားခြင်း ဖြစ်သည်။ မြို့နေပြည်သူများက လေထုထဲရှိ အခိုးအငွေ့များ၊ အိမ်ထဲရောက်လာသော အခိုးအငွေ့များ အကြောင်းတို့ကို လူမှုကွန်ရက် မီဒီယာများတွင် ဖော်ပြလျက် ရှိကြသည်။

ဆစ်ဒနီသည် နယူးဆောက်ဝေးပြည်နယ်၏ မြို့တော်ဖြစ်ကာ လူ ၅သန်းခန့် နေထိုင်ပြီး တောမီး၏ သက်ရောက်မှုကို ခံနေရသည်မှာ သီတင်းပတ်များစွာ ရှိနေပြီဖြစ်သည်။ သြစတြေးလျနိုင်ငံမြောက်ပိုင်းတွင် တောမီးကြောင့် လူ ၆ ဦးသေဆုံးထားပြီးသား ဖြစ်သည်။ ဆစ်ဒနီတွင် အပူချိန်က ၃၇ ဒီဂရီအထိ မြင့်တက်လာခြင်းကြောင့် မီးဘေးအန္တရာယ်သတိပေးချက်များ မြို့ခံများကို ထုတ်ပြန်ထားသည်။

ဆစ်ဒနီမြို့၏ လတ်တလော လေထုညစ်ညမ်းမှု အခြေအနေသည် သာမန်ထက် ရှစ်ဆမြင့်တက်နေခြင်းဟု သတင်းများက ဖော်ပြထား၏။ အပူချိန် တအားမြင့်နေသည်ဖြစ်ရာ မြို့သူမြို့သားများ အိမ်အတွင်းသာ နေထိုင်ကာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ မပြုကြစေလိုကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။ အသက်ရှူလမ်းကြောင်း ပြဿနာများ ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ရန် နည်းစနစ်များကိုလည်း အများသူငါကို ဖြန့်ဝေထားသေးသည်။

လာမည့်ရက်အနည်းငယ်အထိ ဆစ်ဒနီမြို့တွင် မီးခိုးများ ယှက်သန်းနေလိမ့် ဦးမည်ဟု နယူးဆောက်ဝေး ကျေးလက် ဒေသ မီးသတ်ဌာနက သတိပေးထားသည်။

F-02