News

POST TYPE

NEWS

ကုလအထူးကိုယ်စားလှယ် မောင်တောသို့ သွားရောက်ပြီး ဒေသခံများနှင့်တွေ့ဆုံ
19-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၈

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာသည် နိုဝင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောသို့ သွားရောက်ကာ ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း မောင်တော မြို့ရှိ ရခိုင်၊ ဟိန္ဒူ၊ မွတ်စလင် လူမှုအသိုင်း အဝိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ ခရီးစဉ်ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မောင်တောခရိုင်ရုံးတွင် လူမှုအသိုင်းအဝိုင်းအသီးသီးနှင့် တွေ့ဆုံခဲ့ပြီး ကုလအထူးကိုယ်စားလှယ်အနေနှင့် ဒေသခံများ၏ ကြုံတွေ့နေရသည့် အခြေအနေများကို မေးမြန်းမှုများပြုလုပ်ခဲ့ကာ ဒေသခံများက စားရေး၊ နေရေး ထိုင်ရေး အခြေအနေများ အခက်အခဲများကို တင်ပြခဲ့ကြကြောင်း အဆိုပါ တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“သူ့အနေနဲ့တော့ အထွေအထူး မှတ်ချက်ပေးပြောသွားတာတော့ မရှိဘူး။ ဒေသခံတွေရဲ့ ပြောစကားတွေကို လာနားထောင်သွားတယ်။ ဒေသခံတွေထဲက အစိုးရရဲ့ နေရာရွှေ့ပြောင်းထားတာတွေ အဆင်မပြေမှု ရှိတာတွေကို တင်ပြခဲ့တယ်။ သူ့အနေနဲ့လည်း သူသိလိုတာတွေကို မေးမြန်းသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် နိုဝင်ဘာလ ၁၉ ရက်နေ့ထိ သုံးရက်တာကြာမြင့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သည့် Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ၂၀၁၈ ခုနှစ် ဧပြီလပိုင်းက ခန့်အပ်ပေးခြင်းခံရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လေးကြိမ်မြောက်လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

J-08