News

POST TYPE

NEWS

AA ဖမ်းဆီးခံ လွှတ်တော် အမတ် ဦးဝှေ့တင်း၊ ဝန်ထမ်းနှင့် ပြည်သူများကို လွှတ်ပေးရန် လွှတ်တော်ကြေညာ
18-Nov-2019
နေပြည်တော်၊ နိုဝင်ဘာ ၁၈
 

ရခိုင်လက်နက်ကိုင် အဖွဲ့ AA က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ဝန်ထမ်းများနှင့် ပြည်သူများကို လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပြင် ပြည်သူ့လွှတ်တော်နှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ၊ လွတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် ဝန်ထမ်းများ ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်း ဒေါက်တာဦးလှမိုးက နိုဝင်ဘာ ၁၃ ရက်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခဲ့သည့် ကိစ္စနှင့် ပက်သတ်၍ လွှတ်တော်မှ ယခုကဲ့သို့ တောင်းဆို၍ ရပါက လွန်ခဲ့သည့်နှစ်များစွာတွင် ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် တိုင်းပြည်တိုးတက်ရေး ကိစ္စတို့ကိုလွှတ်တော်မှ တင်ပြ၍ ရမည်ဖြစ်သည်ဟု ထင်မြင်ယူဆမိကြောင်း ၊ ယခုကဲ့သို့ အဆိုတင်သွင်း လုပ်ဆောင်ချက်သည် မဖြစ်နိုင်သည့် လုပ်ဆောင်ချက်ဟုထင်ကြောင်း ဦးသောင်းအေးက ဆိုသည်။

လွှတ်တော်မှ ယခုကဲ့သို့ လုပ်ဆောင်ခြင်းထက် ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ယူလုပ်ဆောင်ခြင်းသည် ပိုမိုသင့်လျော်မည်ဖြစ်သောကြောင့် လွှတ်တော်ကို တိုက်တွန်းသည်ထက် ပြည်ထောင်စုအစိုးရကိုသာ တိုက်တွန်းသင့်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“မတရားတယ် တရားတယ်ဆိုတာ ကိုယ့်အယူအဆနဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ဆိုကြတာပါပဲ။ ဒီအပေါ်မှာ ကျမတို့ ဆွေးနွေးကြတဲ့အခါ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို ဆွေးနွေးကြရမှာ ဖြစ်ပါတယ်ဓဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆွေးနွေးပြောကြားသည်။

ဦးဝှေ့တင်းသည် ချင်းပြည်နယ်တွင် ဆန်တစ်အိတ်လျှင် ၁သိန်းကျော်ဖြစ်လာသည့် အတွက်ပြည်သူများ၏ အခက်အခဲကိုပြေလည်စေချင်သည့် ဆန္ဒဖြင့် တပ်မတော်အပါအဝင် ထွေ/အုပ်ဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ဆန်သယ်ယူခွင့်ရရှိရေးကို လုပ်ဆောင်ခဲ့ကြောင်း၊ AA မှ စွတ်ဆွဲထားသည့် အသင်းအဖွဲ့သည်လည်း ၎င်း၏ ကိုယ်ပိုင်အဖွဲ့အစည်း မဟုတ်သည့်အပြင် ဒေသဖွံဖြိုးရေးအတွက် ချင်းလူငယ်များ၏ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ချင်းလူမျိုးနှင့်ရခိုင်လူမျိုးအကြား ဘာသာရေး အမုန်းတရားရှိရန် လုံးဝဆန္ဒမရှိကြောင်း၊ AA စွတ်ဆွဲထားသည့် ရုံးခန်းသည်လည်း ဝဥ တောင်သူများအတွက် ဖွင့်လှစ်ထားသည့် ရုံးခန်းသာဖြစ်ပြီး ယင်းရုံးခန်း ဖွင့်လှစ်ချိန်တွင် ဦးဝှေ့တင်းမှ အဖွင့်အမှာစကား လာရောက် ပြောကြားခြင်းသာဖြစ်ကြောင်း ချင်းပြည်နယ်မတူပီ လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက ပြောသည်။

“ဦးဝှေ့တင်း ဖွင့်လှစ်တဲ့ရုံးမဟုတ်သလို လုံးဝသက်ဆိုင်မှု မရှိကြောင်း ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးဝှေ့တင်းသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကြား ခွဲခြားလုပ်ဆောင်မှုမရှိကြောင်း ချင်း နှင့် ရခိုင်သည် အတူယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးထားခြင်းသည် ပြည်သူတစ်ရပ်လုံးနှင့် ချင်းပြည်နယ်တစ်ရပ်လုံးကို မလေးစားဘဲ စော်ကားရာရောက်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယခုကဲ့သို့လုပ်ရပ်သည် ရခိုင်နှင့် ချင်းပြည်နယ်နှစ်ခုကြား စိတ်ဝမ်းကွဲရာ ရောက်စေမည် ဖြစ်သည့်အပြင် ပဋိပက္ခကို မွေးဖွားပေးရာရောက်ကြောင်း ၊ အေအေနေဖြင့် ယခုလုပ်ရပ်မျိုးကို လုပ်ဝရှောင်ရှားသင့်ပြီး အပြစ်မဲ့ပြည်သူများကို အမြန်ဆုံးလွှတ်ပေးရန်လိုကြောင်း ဦးပါထန်းက ဆွေးနွေးတင်ပြခဲ့သည်။

(S-01)