News

POST TYPE

NEWS

အီရန်ဓာတ်ဆီဈေး အဓိကရုဏ်းပါဝင်သူများကို အမေရိကန်က ထောက်ပံ့ပေးနေသည်ဟုဆို
18-Nov-2019

တီဟီရန်၊ နိုဝင်ဘာ ၁၈

ဓာတ်ဆီဈေးတက်သဖြင့် အဓိကရုဏ်းများပြုနေသော အီရန်ဆန္ဒပြသူများကို အမေရိကန်က ထောက်ခံအားပေး နေသည်ဟု အီရန်က ရှုတ်ချပြောဆိုလိုက်သည်။

စီးပွါးရေး ပိတ်ဆို့မှု ထိနေသော အီရန်တွင် ဓာတ်ဆီဈေးကို မြှင့်တင်ရန် အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းမှ ကြေညာခဲ့ရာ ဒေါသထွက်နေသော ပြည်သူများက အကြမ်းပတမ်း ဆန္ဒပြခဲ့ကြသည်။
လမ်းများပိတ်ဆို့ခြင်း၊ ဘဏ်များ မီးရှို့ခဲ့ရခြင်း၊ ပြည်သူ့ရေးရာ ရုံးများ တိုက်ခိုက်ခံရခြင်းတို့ ကြုံနေရပြီး အရပ်သား တစ်ဦးနှင့် ရဲတစ်ဦးတို့ သေဆုံးထားသည်။

မျက်နှာဖုံးတပ်ထားသော လူငယ်များက အပျက်အစီးများ ပုံနေသော လမ်းများပေါ်တွင် မီးတင်ရှို့နေကြသည့် ရုပ်သံများကို အစိုးရ မီဒီယာရုပ်သံလိုင်းများက သတင်းထုတ်လွှင့်ခဲ့ကြသည်။
အီရန်တွင် အစိုးရကို ဆန့်ကျင်အကြမ်းဖက် ဆန္ဒပြကြခြင်း မြင်ကွင်းများက ရှားပါးလှသည်။

လတိုင်း လီတာ ၆၀ ခွဲတမ်းဖြင့် ဓာတ်ဆီဝယ်ရမည်ဖြစ်ကာ ဈေးနူန်းကိုလည်း ၅၀ ရာခိုင်နူန်း တင်လိုက်သည်။ ထိုပမာဏထက် ကျော်လွှန်ဝယ်ယူပါက ဈေးနူန်းကို ၂၀၀ ရာခိုင်နူန်းအထိ တိုးမြှင့်လိုက်ကြောင်း ကြေညာအပြီးတွင် ဆန္ဒပြပွဲများ သောကြာနေ့က ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

လူ ၂၀၀ ခန့်ကို ဖမ်းဆီးထားပြီး အင်တာနက်အသုံးပြုခွင့်ကိုလည်း ကန့်သတ်ထားကြောင်း အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အစိုးရက ကြေညာထားသည်။

အင်တာနက်များကို ဖြတ်တောက်ထားသောကြောင့် ဗီဒီယိုဖိုင်များ မကြည့်နိုင်သဖြင့် လမ်းမများပေါ်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အီရန်နျူကလီးယား သဘောတူညီချက်မှ အမေရိကန်သမ္မတ ထရမ့်က နုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်းတွင် အီရန် ရေနံတင်ပို့မှုကို တင်းကျပ်စွာ ပိတ်ဆို့ခဲ့သည်။

အီရန်အာဏာပိုင်များသည် ဆန္ဒပြသူများကို သေစေနိုင်သော လက်နက်များဖြင့် နှိမ်နင်းနေသည်ဟု အမေရိကန်ပြည်ထောင်စုက ပြောဆို ရှုတ်ချထားသည်။

 (F-02)