News

POST TYPE

NEWS

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ခြောက်ဦးကို ထောင်ဒဏ်တစ်နှစ် ကျခံစေရန် အမိန့်ချမှတ်
18-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၈

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုစစ်ဆေးနေသော ဒေါင်တို့မျိုးဆက်သံချပ်အဖွဲ့မှ ခြောက်ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဗိုလ်တထောင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

အဆိုပါအမှုတွင် တရားစွဲဆိုစစ်ဆေးခံရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုးမှာ အမှုမှ တရားသေလွတ်မြောက်ခွင့် ရရှိခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် အမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ၎င်းတို့ဘက်မှ အကျိုးဆောင်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

“မတရားဘူးလို့ထင်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ စာတင်သွားမယ်” ဟု ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သူ ခြောက်ဦးမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ ဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က မရမ်းကုန်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ထားပြီး ၎င်းတို့အဖွဲ့မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်နှင့် မအူပင်မြို့နယ်တို့တွင် တရားရုံးများတွင် စွဲဆိုထားသည့် အမှုများအား ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်သည်။

ထောင်ဒဏ်အမိန့်များ ချမှတ်ခံရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှာ ယခုနှစ် ဧပြီလက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သံချပ်ထိုးခဲ့ရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဧပြီ ၂၂ ရက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မတို့ဖြင့် မြို့နယ်ခြောက်ခုရှိ တရားရုံးများတွင် တရားစွဲဆိုခဲ့သည်။

အေးချမ်းသူ