News

POST TYPE

NEWS

တက္ကသိုလ်ပထမနှစ်အတွက် ကျောင်းအပ်ရာတွင် အမှားအယွင်းမရှိစေရန် အသိပေး ချက်ထုတ်ပြန်
17-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၇

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ရာတွင် အမှားအယွင်းမရှိစေရန်နှင့် ဆရာ၊ ဆရာမများ၊ မိဘများသိရှိစေရန် ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျောင်းအပ်ကြမည့် ပထမနှစ်ကျောင်းသားများအနေဖြင့် နိုဝင်ဘာ ၁၈ရက်မှ ဒီဇင်ဘာ ၁၃ရက်အထိ ကျောင်းသားကိုယ်တိုင် ကျောင်းအပ်ရမည် ဖြစ်သည်။ သင်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအပ်ရက် သတ်မှတ်ကာလအတွင်း ကျောင်းအပ်ခြင်း၊ ဘာသာရပ်ပြောင်းခြင်း၊ ကျောင်းပြောင်းခြင်းများကို ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့အပြင်ကျောင်းပြောင်းလိုသည့် ကျောင်းသားများသည် ကျောင်းအပ်လက်ခံကာလအတွင်း မူလဝင်ခွင့်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျောင်းအပ်ခြင်း၊ တက်ရောက်ခြင်းမရှိကြောင်း ထောက်ခံစာရယူ၍ ကျောင်းပြောင်းရွှေ့မူအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းရပ်နားခြင်း၊ ကျောင်းမှ နုတ်ထွက်ခြင်းစသည့် သင်တန်းရေးရာနှင့် သက်ဆိုင်သော ကိစ္စများကို လူကိုယ်တိုင်လာရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ကျောင်းသားတွေကို ကိုယ်တိုင်လာပြီး ကိုယ်တိုင်လုပ်စေချင်တာပေါ့ဗျာ။ အခြေခံပညာအထက်တန်းအောင်လာပြီဆိုထဲက လူကြီးဖြစ်ပြီလို့သတ်မှတ်ထားတာ။ ကျွန်တော်ကျောင်းမှာဆို ကျောင်းသားအကြီးတွေက ကျောင်းသားအသစ်တွေကို အခက်အခဲမရှိအောင် ကူညီလမ်းညွှန်ပေးမယ့် အစီအစဉ်လုပ်ထားတယ်။” ဟု ပြည်တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းမှန်မှန်တက်ရောက်၍ ပညာသင်ယူပြီး ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်မှုလုပ်ငန်းများ၊ ကျောင်းဖွံဖြိုးရေး လှုပ်ရှားမှုများ (တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု၊ အားကစားပြပွဲ ပြိုင်ပွဲ)တွင် ပူးပေါင်းပါဝင်ပြီး ပညာသင်ကြေး လျှောက်ထားလိုသူ ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်၏ သင်တန်းရေးရာဌာနတွင် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်တွင် ပါဝင်သည်။

တက္ကသိုလ်များ၏ ဖွံဖြိုးတိုးတက်မှု၊ ပညာရပ်ဆိုင်ရာ ၊ စီမံခန့်ခွဲမှုကိစ္စများနှင့် ပတ်သက်၍ အကြံပြုစာ ပေးပို့လိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် ၁၃၊ အီးလ်မေးလိပ်စာ [email protected] နှင့် အဆင့်မြင့်ပညာဦးစီးဌာန နေပြည်တော် အီးလ်မေးလိပ်စာ [email protected]  များသို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

ကျော်ဖြိုး