News

POST TYPE

NEWS

သီရိလင်္ကာရွေးကောက်ပွဲရလဒ်ထွက်ရှိ၊ ပြည်တွင်းစစ်ကာလ ကာကွယ်ရေးဝန်ကြီးဟောင်း သမ္မတဖြစ်ပြီ
17-Nov-2019


ကိုလံဘို၊ နိုဝင်ဘာ ၁၇

နိုင်ငံရေး လူမှုရေး လူမျိုးရေး အကွဲအပြဲများ ဖြစ်နေသော သီရိလင်္ကာနိုင်ငံတွင် စစ်ပွဲကာလ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ဖူးသော စစ်ဗိုလ်ချုပ်ကြီးဟောင်း ဂုတ္တာဘယ ရာဇပဿ ရွေးကောက်ပွဲ အနိုင်ရသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

တရားဝင်ရွေးကောက်ပွဲ ရလဒ် မထွက်ပေါ်သေးသော်လည်း မစ္စတာရာဇပဿ က အောင်ပွဲရပြီဟု ကြေညာခဲ့ကာ ပြိုင်ဘက် ဆန်ဂျစ် ပရီမာဒဿ က ရလဒ်ကို အတည်ပြုပေးခဲ့သည်။

ရွေးကောက်ပွဲနိုင် သမ္မတလောင်း ရာဇပဿ သည် ဆင်းဟာလိစ် သီရီလင်္ကာများ အများစုရှိရာ တောင်ပိုင်းတွင် ပြတ်ပြတ်သားသားနိုင်ခဲ့ပြီး၊ ပြိုင်ဘက် မစ္စတာ ပရီမာဒသာ က တမီများရှိရာ မြောက်ပိုင်းတွင် မဲပိုရခဲ့ကြောင်း သုံးသပ်သူများက ဆိုသည်။

သီရိလင်္ကာတွင် ဧပြီလက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်လုပ်သည့် ရွေးကောက်ပွဲ ဖြစ်သည်။

IS နှင့် နီးစပ်သည့် အကြမ်းဖက်အုပ်စုက ဧပြီလတွင် ခရစ်ယာန် ဘုရားကျောင်းများ၊ အဆင့်မြင့် ဟိုတယ်များကို အီစတာ ပွဲတော်ကာလတွင် တိုက်ခိုက်ခဲ့ရာ လူ ၂၅၀ ကျော် သေဆုံးခဲ့ရသည်။

ယခု သမ္မတရွေးကောက်ပွဲသို့ မဲပေးနိုင်သူ လူဦးရေ၏ ၈၀ ရာခိုင်နူန်း လာရောက် မဲပေးခဲ့ကြသည်။ မဲအရေအတွက် တစ်ဝက်ရေတွက်ပြီးချိန်တွင် ဂုတ္တာဘယရာဇပဿ က ၅၀ ရာခိုင်နူန်းမဲရခဲ့ပြီး ပရီမာဒသာ က ၄၃ ရာခိုင်နူန်း မဲရရှိခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

“ပြည်သူရဲ့ ရွေးချယ်မှုကို ဂုဏ်ပြုခွင့်ရတာ ကျွန်တော် ဂုဏ်ယူမိပါတယ်။ သီရိလင်္ကာရဲ့ ၇ ဦးမြောက်သမ္မတ ဖြစ်လာမယ့် မစ္စတာဂုတ္တာဘယရာဇပဿ ကို ဂုဏ်ယူကြောင်း ပြောချင်ပါတယ်” ဟု ပြိုင်ဘက် မစ္စတာ ပရီမာဒါသာ က ပြောကြားခဲ့သည်။

အနိုင်ရ သမ္မတလောင်းက သီရိလင်္ကာတစ်နိုင်ငံလုံး ညီညွတ်ကြရန်အတွက် ဆော်သြခဲ့ပြီး၊ အားလုံး၏ အတူတကွ လျှောက်လှမ်းမှုကြောင့် ယခုနေရာအထိ ရောက်ခဲ့ခြင်းဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်း၏ ရွေးကောက်ပွဲ အနိုင်ရရှိမှုကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးလျှင် လာမည့် တနင်္လာနေ့တွင် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပမည် ဖြစ်သည်။

တမီလ်ကျားသူပုန်များကို တိုက်ခိုက်သည့် ပြည်တွင်းစစ်အတွင်းက ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ သမ္မတလောင်းကို ဗုဒ္ဓဘာသာလူများစု ဆင်းဟားလိစ် များက ထောက်ခံကြသည်။

F-02