News

POST TYPE

NEWS

အလုပ်အကိုင် ၁၇၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၈ ခုခွင့်ပြု
17-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၇၀၀ ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၈/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြိုကရှိ ကော်မရှင်အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့ကြသည်။

ခွင့်ပြုပေးလိုက်သည့်လုပ်ငန်း ၈ ခုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အဦကဏ္ဍတို့မှဖြစ်ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၈၅၃ သန်းနှင့် ကျပ် ၉၉,၅၄၃ ဒသမ ၃၅၈ သန်းရှိကာ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၇၃၉ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ်ကို ရင်းနှီးမြှုပ်နှံမှုအသေးလေးတွေဝင်တာများတယ်။ လုပ်ငန်းတွေကတော့ များတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းတယ်။ ဒီဘဏ္ဍာနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးတဲ့လုပ်ငန်းတွေ ဆက်ဝင်ဖို့ရှိပါသေးတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

ထို့ပြင် နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ဝ၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

J-11