News

POST TYPE

NEWS

ပလက်ဝမှ စစ်ဘေးရှောင်ပြည်သူများကို ထန်တလန်တွင် နေရာချ
17-Nov-2019

Photo.hakha iprd

ကလေး၊ နိုဝင်ဘာ ၁၇

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ အချို့ကို ထန်တလန်မြို့နယ်အတွင်း နေရာချပေးထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ပလက်ဝမြို့နယ် မီးဇာဒေသမှ အိမ်ထောင်စု ၂၀ စု လူဦးရေ ၁၀၀ ခန့်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပလက်ဝမြို့နယ်မှ ထွက်ခွာခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၎င်းတို့နေထိုင်မည့် ထန်တလန်မြို့နယ် သီးကီရ်ကျေးရွာတွင် နေရာချထားပေးခြင်းဖြစ်သည်။

စစ်ဘေးရှောင်လာသည့်ပြည်သူများ နေထိုင်ရန်အတွက် သီးကီရ်ကျေးရွာတွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးခဲ့ပြီး ပြောင်းရွှေ့ရောက်ရှိလာပြီး ၃ လအတွင်း စားသောက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် လူကယ်ပြန်ဝန်ကြီးဌာန ထောက်ပံ့မှုများပြုလုပ်ပေးမည်ဖြစ်ပြီးနောက်ပိုင်း ၎င်းတို့ စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းခွင်လုပ်ကိုင်ရန် ကျေးရွာအနီးဖော်ဆောင်ထားသည့် ကုန်းမြင့်လယ်ယာများကို အချိုးကျခွဲဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦးစိုးထက်က “ပလက်ဝနယ်မှာကျတော့ စစ်ဘေးဖြစ်နေတဲ့ အခါကျတော့လေ အဲ့ဒီမှာနေရင် တိုက်ခိုက်တာတွေဘာတွေနဲ့ ရေရှည်မှာမနေရဲဘူး။အဲ့တာကြောင့် ဒီဖက်မှာ ဘာသာစကားလဲတူတယ်။ လူမျိုးစုလဲ တူတယ်။ အဲ့ဒါကြောင့် ဒီဖက်ကို ရွှေ့ချင်တာဆိုတဲ့ သူတို့ရဲ့ ဆန္ဒအရ အစိုးရအဖွဲ့ကနေ ရွှေ့ပေးတာပါ” ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှ စတင် တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ထောင်ကျော်ရှိခဲ့ပြီး ပလက်ဝမြို့နယ်ရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများကို ပလက်ဝမြို့ပေါ်တွင် နေထိုင်လိုပါက ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပလက်ဝမြို့ပေါ်နှင့် ပလက်ဝမြို့နယ် မီးဇာကျေးရွာအနီးတွင် မြေကွက်များချထားပေးပြီး ပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ပေးလျက်ရှိသည်။

R-20