News

POST TYPE

NEWS

နိုင်ငံအတွက် ဆုများရယူကြိုးစားပေးရန် လူငယ်များကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
17-Nov-2019


ရန်ကုန်၊ နိုဝင်ဘာ ၁၆

လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွက် ဆုများရရှိနိုင်အောင် ကြိုးစားပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များကို တိုက်တွန်းပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှလူငယ်များက ၂၀၁၉ ခုနှစ် အတွက် အာဆီယံစီးပွားရေးထူးချွန်ဆု၊ ဒစ်ဂျစ်တယ်စနစ်ဆောင်ရွက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထူးချွန်ဆု၊ လုပ်ငန်းစတင်တည်ထောင်မှုနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းထူးချွန်ဆုများ ရယူခဲ့နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ဒီလိုဆုတွေ ရယူနိုင်ခဲ့တာ များစွာဂုဏ်ယူစရာဖြစ်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပဲ အခြားဆုတွေကို နိုင်ငံအတွက်ရအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးရနိုင်တဲ့ ပါဝင်မှုကတော့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ အဲဒါကိုတော့ မျက်ခြည်မပြတ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ Myanmar Entrepreneurship Summit 2019 ကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza တွင် ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူငယ်လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်နှင့် အနာဂတ်ကို အပြည့်အဝယုံကြည်သည့်အတွက် အစိုးရက အစဉ်တစိုက်အားပေးမည့် နိုင်ငံရေးသန္နိဋ္ဌာန်ကိုလည်း အခိုင်အမာချမှတ်ပြီးဖြစ်ကာ အနာဂတ်တွင်ကြုံတွေ့ရမည့် စက်မှု ၄ ဒသမ ဝ အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အပိုင်းများကိုလည်း အာဆီယံနိုင်ငံများနှင့်အတူ မူဝါဒလုပ် ငန်းစဉ်များချမှတ်၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏ လူမှုစီးပွားကို တိုးတက်အောင်လုပ်ဆောင်သွားမည့် မဟာဗျူဟာ လုပ်ငန်းစဉ်ဖြစ်သည့် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုလည်း ရေးဆွဲချမှတ် အကောင်အထည်ဖော်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း စတင်ထူထောင်သည်မှ လုပ်သာကိုင်သာရှိပြီး လွယ်ကူချောမွေ့စေမည့် အစီအမံများကိုလည်း စနစ်တကျချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက လူငယ်လုပ်ငန်း စတင်ထူထောင်သူ ထူးချွန်ဆု၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းထူးချွန်ဆု၊ လူမှုအကျိုးပြုလုပ်ငန်းရှင် ထူးချွန်ဆု၊ အားလုံးပါဝင်အောင် စွမ်းဆောင်နိုင်သည့် စီးပွားရေးထူးချွန်ဆု၊ နည်းပညာတီထွင်ဆန်းသစ်လုပ်ငန်း ထူးချွန်ဆု စသည့် ဆုအမျိုးအစားငါးမျိုးကို ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

အဆိုပါဆုများသည် လူငယ်များ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပိုမိုတိုးတက်အောင် တွန်းအားပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-11