News

POST TYPE

NEWS

ဆဲဗင်းဇူလိုင် ချီတက်အလေးပြုသူ ဗကသကျောင်သားကို နိုဝင်ဘာ ၁၉ ရက်တွင် အမိန့်ချမည်
16-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၆

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အခမ်းအနားတွင် ချီတက်အလေးပြုသူ ဗကသကျောင်သားကို ဝေယံဖြိုးမိုးအား နိုဝင်ဘာ ၁၉ ရက် အမိန့်ချမည်ဖြစ်ကြောင်း ကမာရွတ်တရားရုံးထံမှ သိရသည်။

မူလက ကမာရွတ်မြိုနယ်တရားရုံးမှ နိုဝင်ဘာ ၁၅ ရက်တွင်အမိန့်ချမည်ဖြစ်သော်လည်း ထပ်မံစစ်ဆေးနေသောကြောင့် နိုဝင်ဘာ ၁၉ ရက်မှ အမိန့်ချမည်ဖြစ်ကြောင်းကို ဝေယံဖြိုးမိုးက ပြောသည်။

“မတရားဘူးလို့ ယူဆတဲ့ပုဒ်မဖြစ်တဲ့အတွက် အမိန့်ချရင်တောင် ဒဏ်ငွေမဆောင်ပါဘူး ထောင်ဒဏ်ကိုပဲ ရွေးချယ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အခမ်းအနားတွင် ချီတက်အလေးပြုရာတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားခြောက်ဦးကို ကမာရွတ်မြိုနယ်တရားရုံးတွင် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဩဂုတ်လ ၂၈ ရက်ကတရားစွဲခဲ့ပြီး အမိန့်ချမှတ်ခဲ့ရာ ကိုမင်းသွေးသစ်၊ ကိုခန့်မင်းထက်တို့မှထောင်ဒဏ် ၁၅ ရက် မအိသီရီကျော်နှင့် ကိုစိုင်းသုဝဏ်တို့မှာ ငွေဒဏ်သုံးသောင်းပေးဆောင်ခဲ့ကြောင်း အဆိုပါကျောင်းသားများထံမှ သိရသည်။ 

အမှုလာရောက်ရင်ဆိုင်ခြင်းမရှိသည့် ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်းတို့အား ကမာရွတ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကိုဝေယံဖြိုးမိုးအား နိုဝင်ဘာ ၃ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး သူရလင်းမှာ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ 

ဖမ်းဆီးရမိသော ကိုဝေယံဖြိုးမိုးကို ကမာရွတ်မြို့နယ်တရားရုံး၌ နိုဝင်ဘာ ၄ ရက်တွင် ရုံးထုတ်ခဲ့ရာ အာမခံမယူသဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်ရုံးချိန်းက နိုဝင်ဘာ ၁၅ ရက် အမိန့်ချမည်ဟုဆိုသော်လည်း စစ်ဆေးမှုများ ကျန်ရှိနေသေးသဖြင့် ယခုကဲ့သို့ ရက်ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ 

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အခမ်းအနားတွင် ချီတက်အလေးပြုသူ တကသကျောင်းသားနှစ်ဦးဖြစ်သော ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ကိုလည်း လှိုင်မြို့နယ်တရားရုံးမှ ဩဂုတ် ၂၀ ရက်က ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် ထောင်ဒဏ် ၇ ရက်အမိန့်ချမှတ်ခဲ့သေးသည်။

အေးချမ်းသူ
 
 
 
 
 



  • VIA