News

POST TYPE

NEWS

ကျောက်တော်တွင် AA အဖွဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်မတော် တပ်ရင်းမှူးတစ်ဦး ကျဆုံး
16-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တပ်မတော်စစ်ကြောင်းကို AA လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသည့် တပ်ရင်းမှူးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အနီးတစ်ဝိုက် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးလုံခြုံရေးနှင့် မြို့ရွာလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုကို AA လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုကားလမ်းမကြီးအတိုင်း လုံခြုံရေးဆောင်ရွက်စဉ် နယ်မြေခံတပ်ရင်းမှ မီတာ ၃၀၀၀ ခန့်အကွာ သရက်တစ်ပင်ကျေးရွာရှိ အရှည်ပေ ၁၆၀ အကျယ် ပေ ၃၀ ရှိသော သံကူကွန်ကရစ်တံတားအရောက်တွင် AA လက်နက်ကိုင်အဖွဲ့က ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့၍ တပ်မတော်ဆေးရုံ၌ ကုသနေစဉ် ကျဆုံးသွားခြင်းဖြစ်ပြီး အခြားစစ်သည်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့အနေနှင့် အရပ်ဝတ်များ ဝတ်ဆင်ကာ ဒေသခံပြည်သူများနှင့် ရောနှောနေထိုင်ပြီး ကျေးရွာရပ်ကွက်များကို အကာအကွယ်ရယူကာ တပ်မတော်စစ်ကြောင်းများကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုများ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

(J - 08)