News

POST TYPE

NEWS

မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ချီးမြှင့်သည့် ဆုငွေ ကာယကံရှင် လက်ခံရရှိ
16-Nov-2019
ကလေး၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ (၁) ရက်နေ့က ပြုလုပ်ခဲ့သည့် (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သဖြင့် ဆုချီးမြှင့်ငွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်ခဲ့ပြီး တစ်လကျော်ကြာသည်အထိ ကာယကံရှင်လက်ထဲ ရောက်မလာသေးသဖြင့် မီဒီယာများပေါ်တွင်ပျံနှံ့ခဲ့ပြီးနောက် ဆုငွေကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ဆုရရှိခဲ့သူ ဒုရဲအုပ်ဇော်သူ၏ အမျိုးသမီးဖြစ်သူ ဒေါ်သဲအိဇာက ပြောသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုရဲအုပ်ဇော်သူနှင့် အဖွဲ့ကို မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ငွေကျပ် ၅ သိန်း ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယင်းအခမ်းအနားပြီး တစ်လကျော်အကြာ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ငွေကြေးမရသေးကြောင်း ဒုရဲအုပ်၏ ဇနီးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဒုရဲအုပ်အတွက် ရရှိငွေ ငွေကျပ် တစ်သိန်းတစ်သောင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မနေ့က ကြေညာပြီးတဲ့နောက်ပိုင်း ကျတော့ မနေ့ညက စခန်းမှူးက ဆက်သွယ်ပြီး သူတို့ အစည်းအဝေးလုပ်ပြီးတော့ ပိုက်ဆံတွေ ခွဲလိုက်ပါဦးမယ်တဲ့။ အဲ့ဒါပြီး ပို့ပေးမယ် ဆိုပြီးတော့ ဒီနေ့ မနက်ပဲ ပို့ပေးတယ်” ဟု ဒေါ်သဲအိဇာက ပြောသည်။

အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇော်သူသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင်းက ရခိုင်ပြည်နယ်ရှိ အမှတ် (၄) နယ်ခြားစောင့်တပ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ကျခဲ့ပြီးနောက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီး၌ ရွှေနဒီ လူစီးအမြန်ရေယာဉ်ပေါ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်တွင် အေအေလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ၎င်းက ဆိုသည်။

R-20


  • VIA