News

POST TYPE

NEWS

လားရှိုး မြို့ရှိ နေအိမ်အချို့ ရှော့ခ်တိုက်ဒုံးထိမှန်၊ တစ်ဦး ဒဏ်ရာရ
16-Nov-2019
လားရှိုး၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြိုတွင် ယနေ့ ( နိုဝင်ဘာ ၁၆ ရက်) နံနက် ၁၀ နာရီခန့်က လူနေရပ်ကွက်များရှိ နေအိမ်အချို့ကို ရှောတိုက်ဒုံးများ ထိမှန်ပေါက်ကွဲခဲ့သည်။

“မနက် ၁ဝ နာရီကျော်က ရှောတိုက်ဒုံးနဲ့ပစ်ခတ်တာပါ။ လူနေရပ်ကွက်ထဲ ၃ နေရာမှာကျတယ်၊ မပေါက်ကွဲသေးတာတွေလည်း ရှိသေးတယ်၊ လူတယောက်မိုင်းစထိပေမဲ့ မစိုးရိမ်ရပါဘူး”ဟု လားရှိုးမြို့ရှိ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ပြောခွင့်ရအရာရှိက ပြောသည်။

ရှောတိုက်ဒုံးများကို လားရှိုးမြို့ ရပ်ကွက် (၁၁) ရှိ ဗြုန်းတောင်နှင့် ပညာရေးကောလိပ် အနောက်ဖက်တောင်ကုန်းပေါ်မှ လေယာဉ်ကွင်းနှင့်စစ်တပ်များရှိရာသို့ ပစ်ခတ်ခဲ့သော်လည်း သတ်မှတ်နေရာ မရောက်ဘဲ လူနေရပ်ကွက်များအတွင်း ကျရောက်ခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

ရှောတိုက်ဒုံးကျည် ၃ လုံးမှာ လားရှိုးမြို့ရပ်ကွက် (၉) ကြက်စာစပ် စက်ရုံနှင့် နယ်မြေ ၃ ရှိ စိမ့်စမ်းရေတွင်းအနီးတွင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက် (၁၂) နှင့် အမြောက်တပ်အကြားရှိ လေယဉ်ပြေးလမ်းအနီး ခြုံတောနေရာတွင် မပေါက်ကွဲသေးသည့် ရှောခ်တိုက်ဒုံးများတွေ့ရှိသဖြင့် တပ်မတော်က ရှင်းလင်းနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“ကျမအိမ်ရှေ့မှာရှိတဲ့ ခရေပင်အဖျားပေါ်က မီးရှုးလွှတ်သံလို ရှုးရှုးမည်ပြီး ကျည်ဆံဖြတ်သွားပြီး ဝုန်းဝုန်းဆိုသံကြားလိုက်ရတာ ကလေးတွေက ကြောက်နေကြတယ်။”ဟု ရပ်ကွက် (၉) နယ်မြေ (၅) တွင် နေထိုင်သူ မအေးနွယ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ TNLA လက်နက်ကိုင်အဖွဲ့က ကျောက်မဲမြို့အခြေချ စစ်ဗျူဟာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ဗျူဟာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုခြင်းနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်း ကွတ်ခိုင်-နမ့်ဖတ်ကာ ကြားတွင် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

မမ(လားရှိုး)





  • VIA