News

POST TYPE

NEWS

လက်နက်ကိုင်အဖွဲ့များ ဥပဒေမဲ့လုပ်ရပ်ကိုစွန့်၍ ငြိမ်းချမ်းရေးယူရန် တပ်ချုပ် ထပ်မံဖိတ်ခေါ်
15-Nov-2019
နေပြည်တော်၊ နိုဝင်ဘာ ၁၄

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်များအနေနှင့် ဥပဒေမဲ့လုပ်ရပ်များကို စွန့်၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ထပ်မံဖိတ်ခေါ်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

“NCA စာချုပ်မှာ လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး မှန်ကန်တဲ့မေတ္တာ စေတနာတွေနဲ့ ရှေ့ဆက်ပြီးလျှောက်လှမ်း နိုင်ကြလိမ့်မယ်လို့ ပြည်သူအများက မျှော်လင့်နေကြသလို ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့ ငြိမ်းချမ်းရေး ဆန့်ကျင်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို စွန့်လွှတ် ပြည်သူ့မျက်နှာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းပေါ်မှာ လျှောက်လှမ်းကြဖို့ ထပ်မံဖိတ်ကြားအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဦးတည်၍ ဘာသာပေါင်းစုံငြိမ်းချမ်းရေး တတိယအကြိမ် ဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် နိုဝင်ဘာ ၁၄ ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားတွင် ၎င်းက အမှာစကာပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် AA အဖွဲ့နှင့်ပတ်သက်၍ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းမှုပြုလုပ်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၂ ရက်က ပြောဆိုထားသည်။ 

သို့သော်လည်း တပ်ချုပ်ကမူ “လိုလားချက်တွေကို လက်နက်ကိုင်ပြီး တောင်းဆိုနေလို့မဖြစ်ပါဘူး။ လက်နက်ကိုဘေးချပြီး ဆွေးနွေးမှုများနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့စိတ်ရှိမယ်ဆိုရင် ငြိမ်းချမ်းရေး မရစရာအကြောင်း မရှိဘူးလို့ပြောချင်ပါတယ်”ဟု နိုဝင်ဘာ ၁၄ ရက်တွင် ပြောထားသည်။ 

ယင်းအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီးနောက် ၎င်း၏အမှာစကားတွင် ပြည်တွင်းငြိမ်းချမ်းရေးမရရှိဘဲ နိုင်ငံ့တော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်မဟုတ်ကြောင်း၊ ရည်မှန်းချက်ဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ယခုဆွေးနွေးပွဲသည် အထောက်အကူဖြစ်မည်ဟု ယုံကြည်မိကြောင်း ပြောကြားခဲ့သည်။

ယခုပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လာခြင်းမှာ ပထမဆုံးပြီး ၎င်းတက်ရောက်လာခြင်းကြောင့် အခမ်းအနားသည် ပိုမိုပြည့်စုံကြောင်း၊ ငြိမ်းချမ်းရေးကို ခြယ်လှယ်နိုင်သည့် လုပ်ပိုင်ခွင့်ရှိသော အစိုးရအဖွဲ့၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ငြိမ်းချမ်း မေတ္တာ (မြန်မာ) အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ၎င်း၏အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဝန်ကြီးများအပါအဝင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် NCA လက်မှတ်ရေး ထိုးထားသည့်အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

S-01