News

POST TYPE

NEWS

တပ်မတော်နှင့် AA တို့ လေးရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ဟုဆို
14-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၄

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ လေးရက်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၆ ကြိမ်အထိရှိခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေးဌာနက တိုက်ပွဲဖြစ်ပွားမှု စာရင်းထုတ်ပြန်ထားချက်အရ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင်မြောက်ဦးမြို့နယ်၊ ဆင်အိုးချေ အနောက်မြောက်ဖက် (၁.၈) ကီလိုမီတာအကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ် (၃၀) ခန့်တိုက်ပွဲဖြစ်ပွားမှုတစ်ကြိမ်၊ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လည်ပိုင်းတွင် ကျောက်တော်မြို့နယ်၊ သစ်တပုံဆည်အနီးတွင် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့မှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ “သာစည်ရွာ” နှင့် “အငူမော်(ကုန်တန်း)” ရွာအကြားတွင် တပ်မတော်စစ်ကြောင်းနှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့၊ အရှေ့ဖက် (၄.၅) ကီလိုမီတာအကွာအဝေးခန့်တွင် တပ်မတော်၏ စစ်ကား (၃) စီးပါ ယာဉ်တန်းထဲမှ စစ်ကားတစ်စီးကို AA အဖွဲ့က ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်၊ နေ့လည် (၂) နာရီ (၁၈) မိနစ်တွင် ထမ္မာရာဇ်နှင့် အုတ်ဖိုကန်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပေးရန်တက်လာသော ရန်သူ့စစ်ကြောင်းများနှင့် မိမိတို့သည် ထမ္မရာဇ်ရွာမြောက်ဖက် (၁) ကီလိုမီတာအဝေးတွင်လည်းကောင်း “ဘူးရွက်မညှိုးရွာ” နှင့် “ တိမ်ညိုရွာ” အကြားတွင်လည်းကောင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးအချို့ ရှိခဲ့သည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုကကျဆုံးမှုများရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် AA လက်နက်ကိုင်အဖွဲ့သည် ၎င်းတို့ ဖမ်းဆီးထားသည့် စစ်ဖက်နှင့် သက်ဆိုင်သည့် သုံ့ပန်းစာရင်းကို ထုတ်ပြန်ထားခဲ့ပြီး တပ်မတော်မှ ဖမ်းဆီးထားသူများနှင့် သုံ့ပန်းချင်းလဲလှယ်လိုကြောင်း ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

အဆိုပါ ကြေညာချက်ကို တပ်မတော်ကလည်း ပြန်လည်တုံ့ပြန်ထားပြီး အကြမ်းဖက်အဖွဲ့အစည်းနှင့် ညှိုနှိုင်းဆွေးနွေးသွားမည်မဟုတ်ကြောင်း တပ်မတော်ကလည်း ပြောကြားထားသည်။

ထို့ပြင် လက်ရှိတွင် AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသူများတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားပြီး ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

J-08