News

POST TYPE

NEWS

သတင်းမှားပေးသူများကို အရေးယူမည်ဟု အမြန်လမ်းရဲတပ်ဖွဲ့ဆို
14-Nov-2019
တောင်ငူ၊ နိုဝင်ဘာ ၁၄

ရန်ကုန်-မန္တလေးအမြန်လမ်းနှင့်ပတ်သက်သည့် သတင်းမှားများပေးပို့ခြင်းနှင့် လူမှုကွန်ရက်ပေါ်တင်သူများကို စုံစမ်းအရေးယူမည်ဖြစ်ကြောင်း အမြန်းလမ်းရဲတပ်ဖွဲ့မှူးရုံးက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်အသိပေးသည်။

အမြန်လမ်းရဲတပ်ဖွဲ့ထံသို့ မမှန်သတင်းများပေးခြင်း၊ လုပ်ကြံဖြစ်စဉ်ပေးခြင်း၊ ယခင်ဖြစ်စဉ်အဟောင်းများကို ဖေ့စ်ဘွတ်ခ်တွင် ပြန်လည်ဖော်ပြခြင်းက ခရီးသွားများကို စိုးရိမ်သောကဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြအသိပေးထားသည်။

ထို့ကြောင့် ပြည်သူများက အမြန်လမ်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကူညီ၍ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်က ဖော်ပြသော သတင်းများကိုသာ ယုံကြည်ကြရန်နှင့် ယင်းသာအမှန်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းအမှားများကြောင့် ခရီးသွားပြည်သူများ စိုးရိမ်သောကဖြစ်စေပြီး စိတ်မလုံခြုံမှုဖြစ်စေကြောင်းနှင့် လမ်းတစ်လျှောက်တွင် ရဲစခန်းများဖွင့်ပြီး အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမြန်လမ်းရဲတပ်ဖွဲ့အနေဖြင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်သတင်းများကို စောင့်ကြည့်မှတ်တမ်းတင်ထားပြီး နောင်တွင် Cyber Police နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးတစ်ဦးက ပြောကြားသည်။

ခရီးသည်တစ်ဦးက “သတင်းမှားပေးတာမျိုးက ရည်ရွယ်ချက်ရှိကောင်းရှိမယ်။ သတင်းမှားတင်တာ၊ ရှဲလ်တာမျိုးကျ တချို့က သိကိုမသိလို့လုပ်တာမျိုးပါ။ ဘယ်လိုပဲဖြစ်ပါစေ အခု ထုတ်ပြန်အသိပေးချက်ကို ကြိုဆိုရမှာပါ” ဟု မှတ်ချက်ပေးသည်။

လမ်းတစ်လျှောက် ခရီးသွားပြည်သူများနေ့စဉ်အကူအညီတောင်းခံလာမှုကို အမြန်လမ်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် အလေးထား၍ တုံ့ပြန်သည့်အပြင် ၂၄ နာရီအသင့် ကူညီဆောင်ရွက်ပေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ထို့ပြင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူများအတွက် သက်ဆိုင်ရာမိသားစုဝင်များအချိန်နှင့်တပြေးညီသိနိုင်ရန်ကိုလည်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ပေးနေကြောင်း ယင်းရဲရုံးထံမှ သိရသည်။

အမြန်လမ်းသည် ရန်ကုန်မှ မန္တလေးအထိ ၃၆၆ မိုင်ရှည်ပြီး လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့စခန်း ၁၆ ခု၊ ရဲကင်းပေါင်း ၆၀ ခန့်ထားရှိပြီး မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့များပါ ပေါင်းစပ်ကူညီပေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-15