News

POST TYPE

NEWS

ဆေးခြောက်တရားဝင်ရရှိရေး ဆန္ဒပြမှု ဦးဆောင်သူနှစ်ဦး အမှုဖွင့်ခံရ
13-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၂

ဆေးခြောက်တရားဝင် ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရာတွင် ဦးဆောင်သူနှစ်ဦးကို ငြိမ်းစုစီ ပုဒ်မ(၁၉) ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တံတားမြို့မရဲစခန်းထံမှ သိရသည်။

ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံအတွင်း နိုဝင်ဘာ ၁၁ ရက်က ဆေးခြောက်တရားဝင်ရရှိရေးအတွက် လူ ၁၀၀ ကျော်က တောင်းဆိုဆန္ဒပြခဲ့ကြ ခြင်းဖြစ်ပြီး ယခုကဲ့သို့ အမှုဖွင့်ခံရခြင်းဖြစ်သည်။

“အလံကိုင်ရင်၊ ဆိုင်းဘုတ်ထောင်ရင် ငြိမ်းစုစီဥပဒေနဲ့ ငြိတယ်။ ငြိမ်းစုစီ ဥပဒေထဲမှာ ပါပြီးသား” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲမှူးမျိုးသက်က ပြောသည်။

ကျန်းမာရေးအတွက် အထောက် အကူပြုစေသည်ဟုဆိုကာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ရရှိရေး တောင်းဆိုသည့် လှုပ်ရှားမှုတွင် ဦးဆောင်သူနှစ်ဦးဖြစ်သည့် စိန်လှမောင်နှင့် ထက်ခိုင်စိုးတို့ နှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။ 

ယခုကဲ့သို့ အမှုဖွင့်ခံထားရမှုကို မီဒီယာမှတစ်ဆင့် သိရခြင်းဖြစ်ပြီး ရဲစခန်းက တရားဝင်အကြောင်းကြားခြင်းမရှိကြောင်း ကိုစိန်လှမောင်က ပြောသည်။

“မီဒီယာပြောလို့သိတာ၊ ရဲစခန်းက တရားဝင်သိရသေးတာမဟုတ်ဘူး။ ဖြေရှင်းမှုတော့ လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ မည်သူမဆို ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ တင်ပြခြင်းမရှိဘဲ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုစီရင်ခံရလျှင် ထိုသူကို ၃ လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ သုံးသောင်းကျပ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆေးခြောက်တရားဝင်ဖြစ်မြောက် ရေးလှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၁၁ ရက်က မဟာဗန္ဓုလပန်းခြံအတွင်း မီးပုံးပျံ ၁၁၁ လုံး လွှတ်တင်ခဲ့ပြီး လူပေါင်းရာချီ လာရောက်ခဲ့ကာ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့တွင်သာမက မန္တလေး၊ တောင်ကြီးနှင့် မြင်းခြံမြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့သည်။

အေးချမ်းသူ