News

POST TYPE

NEWS

သုံ့ပန်းချင်း လဲလှယ်မည့်ကိစ္စ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းမည်မဟုတ်ဟု တပ်မတော် တုံ့ပြန်
13-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၂

AA အဖွဲ့က ဖမ်းဆီးထားသော တပ်မတော်သား၊ ရဲနှင့် အခြားသော ဝန်ထမ်းများကို သုံ့ပန်းချင်း လဲလှယ် မည်ဟု တောင်းဆိုလိုက်သော်လည်း တပ်မတော်ဘက်ကမူ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းမည်မဟုတ်ဟု တုံ့ပြန်လိုက်သည်။ 

ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၁၇ ဦးစာရင်းနှင့်တကွ AA အဖွဲ့က သုံ့ပန်းချင်းလဲလှယ်လိုကြောင်းကို နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် တပ်မတော်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်းဖြစ်သည်။ 

“ဘယ်နိုင်ငံတကာ တပ်မတော်မှ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်းတာ မရှိဘူး” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ 

ယခုကဲ့သို့ AA အဖွဲ့၏ ဖမ်းဆီး ခြင်းကို ခံရသူများကို ပြန်လည်ကယ်တင်ရန် လုပ်ဆောင်နေပြီး တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆင် ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ဂျနီဖာကွန်ဗန်းရှင်အရ စစ်ယှဉ်ပြိုင်တိုက်ခိုက်စဉ် ဖမ်းဆီးရမိသူများကိုသာ သုံ့ပန်းအဖြစ် သတ်မှတ်ထားကာ ယခု ရွှေနဒီရေယာဉ်မှ ဖမ်းဆီးရမိသူ များသည် စစ်တိုက်ခိုက်ရန်သွားခြင်း မဟုတ်ဘဲ အပြောင်းအရွှေ့နှင့် ခွင့်ပြန်သူ များသာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။ 

သို့သော်လည်း AA ဘက်မှမူ ရွှေနဒီရေယာဉ်ပေါ်တွင် တပ်မတော်သားများ၊ ရဲနှင့် အခြားသော ဝန်ထမ်းများသည် အရပ်သားဟန်ဆောင်ကာ လိုက်ပါလာခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ 

လက်ရှိ AA မှ ထုတ်ပြန်ထားသော ၁၇ ဦး စာရင်းတွင် ရဲ ၁၀ ဦး၊ တပ်မတော်သား ၆ ဦးနှင့် အရပ်ဘက်အင်ဂျင်နီယာတစ်ဦးတို့ ပါဝင်လာသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ရွှေနဒီ အမြန်ရေယာဉ်ပေါ်တွင် ပါဝင်သည့် တပ်မတော်သား ၁၄ ဦး ရဲတပ်ဖွဲ့ဝင် ၂၉ ဦး အကျဉ်းဦးစီးမှ ဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ ပြန်လည်ကယ်တင်ခဲ့ရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ၁၄ ဦးကို ကယ်တင်လိုက်နိုင်ပြီး လွတ်မြောက်လာသည့် ရဲတပ်သားတစ်ဦးကိုလည်း တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဖမ်းဆီးသွားခဲ့သူ ၅၈ ဦးထဲမှ စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိသူ ၂၅ ဦးကို နိုဝင်ဘာလ ၅ ရက်က AA အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။ 

AA အဖွဲ့အနေနှင့် လွန်ခဲ့သော လပိုင်းကလည်း မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး ကို ဖမ်းဆီးခဲ့ပြီး ခေါင်းဆောင်မှာ သေဆုံးသွားကာ မကြာသေးမီရက်ပိုင်းအတွင်းကလည်း ချင်းပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယ နိုင်ငံသားများကို ဖမ်းဆီးခဲ့ကာ အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုမူ ပြန်လည်လွှတ်ပေးခြင်း မရှိဘဲ တပ်မတော်ဘက်မှပါသည်ဟုဆိုကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်မည်ဖြစ်ကြောင်း AA က ကြေညာထားသည်။ 

တပ်မတော်မှ ယခုကဲ့သို့ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းမှုမရှိဟု ပြောဆိုထားသော်လည်း မကြာသေးမီက ကျိုင်းတုံမြို့တွင် ယင်းအဖွဲ့များအပါအဝင် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း ပြည်သူများက ထောက်ပြဝေဖန်လျက်ရှိသည်။ 

တပ်မတော်နှင့် AA အဖွဲ့တို့သည် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်ကာ ရခိုင် ပြည်နယ်တွင် စစ်ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဖက် အကျအဆုံးများလျက်ရှိကြောင်း နှစ်ဖွဲ့စလုံးမှ ပြောဆိုထားသည်။