News

POST TYPE

NEWS

မလှိုင်မြို့နယ်တွင် ပံ့သကူပစ်ထားသော ကော်ဖီမစ်ထုပ်ကို ဖောက်စားပြီး မိန်းကလေးငယ်နှစ်ဦး သေဆုံး
12-Nov-2019
မိတ္ထီလာ၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ် သုံးတောင်ကျေးရွာတွင် ပံ့သကူပစ်ထားသော ကော်ဖီမစ်ထုပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းအချိန်က ဖောက်၍စားမိသော ဒေသခံမိန်းကလေး ငယ်နှစ်ဦးသည် အစာအဆိပ်သင့်ကာ နွားထိုးကြီးဆေးရုံတွင် တက်ရောက်ကုသ နေစဉ်သေဆုံးသွားကြောင်း အဆိုပါဆေးရုံထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်က သုံးတောင်ကျေးရွာနေ ဆဋ္ဌမတန်းကျောင်းသူနှင့် ပထမတန်း ကျောင်းသူတို့သည် သုံးတောင်ကျေးရွာ အတွင်းပစ်ထားသော ပံ့သကူအထုပ်များကို လိုက်လံရှာဖွေကောက်ယူရာ ကျပ် ၅၀ တန် Gusto ကော်ဖီမစ် အသေးထုပ်အား တွေ့ရှိခဲ့ကြောင်း၊ နောက်ထပ် ပံ့သကူများကို ရှာဖွေနေရင်း ညီအစ်မနှစ်ယောက်သည် ကော်ဖီမစ်တစ်ထုပ်စီကို ဖောက်၍ ကော်ဖီမှုန့်များကို လျှာဖြင့်လျက်၍စားစဉ် ယခင်က မည်သည့် အစာစားထားသည်မသိရှိဘဲ အစာအဆိပ်သင့်သော လက္ခဏာဖြင့် မူးဝေအော့အန်ကာ သတိလစ်သွားသဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသစဉ် ယင်းညီအစ်မနှစ်ဦးစလုံး သေဆုံးသွားခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သေဆုံးသူ မိန်းကလေးနှစ်ဦးကို ရင်ခွဲစစ်ဆေးခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၀ နာရီအချိန်တွင် ဒုရဲအုပ်သူရကျော်က တရားလိုပြု တိုင်တန်းသဖြင့် နှောကန် ရဲစခန်းက သေမှုသေခင်းအမှတ် ၂/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
 
ကျော်စိုးမိုး