News

POST TYPE

NEWS

ကျိုးကျသွားသည့် ဆိပ်မတံတား ၁၄ ရက်အတွင်း ပြန်လည်တည်ဆောက်မည်
12-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံနှင့် အမာမြို့ကိုဆက်သွယ်သည့် ဆိပ်မဘေလီတံတားကို ၁၄ ရက်အတွင်း အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“စက်ယန္တယားများနဲ့ အပြီးတည်ဆောက်သွားမှာပါ၊ တံတားကို အရင်အတိုင်းအတာအတိုင်း သံဘောင်ဘေလီတံတားအဖြစ် ပြန်ဆောက်သွားမှာဖြစ်ပေမယ့် အရင်ထက်ပိုခိုင်ခံ့အောင် စီမံလုပ်ဆောင်သွားမယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၁၆ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်အောင်က ပြောကြားသည်။

လက်ရှိတွင် ယခင်တံတားအဟောင်းကို ပြန်လည်ဖြိုဖျက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး တည်ဆောက်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများကို နီးစပ်ရာဖျာပုံမြို့အနီးမှ စုဆောင်း၍ ရက်တိုအတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

ပြန်လည်တည်ဆောက်မည့် ဘေလီတံတားကို သံဘောင်တံတားအဖြစ် မူလအတိုင်းအတာဖြင့် ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး မော်တော်ယာဉ်များပိုမိုသွားလာနိုင်ရန် ခိုင်ခံ့သည့်တံတားအဖြစ် တည်ဆောက်သွားမည်ဟု ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ယင်းချောင်းကူးတံတားသည် နိုဝင်ဘာလ ၉ ရက်နေ့ညပိုင်းက ကုန်တင်ယာဉ်တစ်စီးသွားလာနေစဉ် ရေလယ်တိုင်မှ ကျိုးကျခဲ့ခြင်းဖြစ်ပြီး တံတားပေ ၁၇၀ ခန့် ချောင်းထဲပြိုကျခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါချောင်းကူးတံတားသည် ၁၉၉၇ ခုနှစ်ကတည်းက အသုံးပြုနေသည့်တံတားတစ်စင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တစ်ကြိမ် ပြိုကျခြင်းကို ပြန်လည်ပြုပြင်၍ အသုံးပြုနေခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်