News

POST TYPE

NEWS

လွှတ်တော်အမတ်ကို ချက်ခြင်းပြန်လွှတ်ပေးရန် ချင်းအဖွဲ့အစည်း ၄၀ ကျော် တောင်းဆို
11-Nov-2019
ကလေး၊ နိုဝင်ဘာ ၁၁

ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးထားရာ ၎င်းကို ချက်ခြင်းပြန်လွှတ်ပေးရန်အတွက် ချင်းအဖွဲ့အစည်း (၄၃) ဖွဲ့က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။

AA အနေဖြင့် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများအတိုင်း လူ့ဂုဏ်သိက္ခာကို ပြည့်ဝစွာ အလေးထားဆက်ဆံရန်ကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဦးဝှေ့တင်း ဘေးကင်းလုံခြုံစွာရှိနေကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် မိသားစုဝင်များနှင့် ပြည်သူကို ပွင့်လင်းမြင်သာစွာချပြရန် အချိန်တန်ပြီဖြစ်ကြောင်း ချင်းအဖွဲ့အစည်း ၄၀ ကျော်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ ဂုဏ်သရေရှိတဲ့လူတွေပဲ။ ပြည်သူက ရွေးချယ်ထားတဲ့ လူတွေပဲ။ ဒါကြောင့်လွှတ်ပေးဖို့ ကောင်းပါတယ်” ဟု မှတ်ချက်ပေးပြောကြားသည်။

ဦးဝှေ့တင်းသည် AA အဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေရန် စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်စေရန်၊ နိုင်ငံတကာ ဖိအားသက်ရောက်စေရန် လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားကြောင်း AA အဖွဲ့၏ နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ဦးဝှေ့တင်းသည် တပ်မတော်၏ ဝါဒဖြန့်အရေးအသားများကို ထပ်ဆင့်ဖြန့်ဝေခြင်း၊ ပလက်ဝဒေသတွင် တပ်မတော်၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဖုံးဖိပြီး ယင်းအပြစ်များကို AA အပေါ် အပြစ်ပုံချရန်လုပ်ဆောင်ကြောင်း AA က ပြောဆိုထားသည်။ 

ထို့ပြင် AA ဆန့်ကျင်ရေးလုပ်ငန်းလုပ်ဆောင်သူများထဲတွင် ဦးဝှေ့တင်းသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်ကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေအချို့ ဦးဝှေ့တင်းထံမှ ရထားပြီးဖြစ်ကြောင်းကိုလည်း AA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

R-20