News

POST TYPE

NEWS

ထိုင်းတွင် အလုပ်ရမည်ဆိုကာ သိန်း ၂၀ ပေးထားသော်လည်း အလုပ်မရသဖြင့် အမှုဖွင့်
10-Nov-2019
တောင်ငူ၊ နိုဝင်ဘာ ၁၀

ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဆိုသဖြင့် ကျပ်သိန်း ၂၀ ပေးထားသော်လည်း တစ်နှစ်ခန့်ကြာသည်အထိ အလုပ်မရသေးသဖြင့် အလုပ်ရမည်ပြောဆိုကာ ငွေလက်ခံထားသူကို ရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ထားကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ဇလုပ်ကြီးရွာနေ မဝင်းဝင်းခိုင်(၃၀နှစ်)သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ကိုကျော်ဆန်း(၄၅နှစ်)ရောက်လာပြီး ထိုင်းတွင် အလုပ်လုပ်လိုပါက ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

ထို့ကြောင့် မဝင်ဝင်းခိုင်သည် ၎င်း၏ခင်ပွန်း ကိုမင်းထွန်း(၂၉နှစ်)နှင့်အတူ ဦးကျော်ဆန်းနှင့် ရန်ကုန်သို့လိုက်သွားပြီး ကျပ်သိန်း ၂၀ ကို လက်ဝယ်ပေးအပ်ထားခဲ့သော်လည်း တစ်နှစ်ခန့်ကြာသည်အထိ အလုပ်မရသဖြင့် နိုဝင်ဘာ ၉ ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဇရပ်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ပြည်ပအလုပ်အကိုင်နဲ့ အမှုမဖွင့်တာက ငွေပေးငွေယူလုပ်တာပဲရှိပြီး ထိုင်းကို ပို့ဆောင်ပေးတာမျိုး မလုပ်လို့ပါ။ လက်ရှိမှာတော့ တိုင်ကြားခံရသူက ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု ပြောကြားသည်။ 

အမှုနှင့်ပတ်သက်ပြီး ကိုကျော်ဆန်းဆိုသူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးရှာဖွေနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ထိုင်းနှင့်မြန်မာကြား သဘောတူစာချုပ်ထိုးပြီးချိန်မှစ၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်အတွက် လိုင်စင်ရအေဂျင်စီများရှိပြီး တစ်ဦးတစ်ယောက်က အလုပ်ရမည်ဆိုကာ ငွေကြေးတောင်းခံပါက မယုံကြည်ရန် ထိုင်းနိုင်ငံရောက် အလုပ်သမားအခွင့်အရေးဆောင်ရွက်သူတစ်ဦးက ပြောကြားသည်။ 

R-15