News

POST TYPE

NEWS

ဖခင်ကိုရိုက်နှက်သောသားကို မိခင်ကဝင်ဆွဲရင်း သတ်မိ
10-Nov-2019
မိတ္ထီလာ၊ နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပဲနံ့သာကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာတွင် လက်နက်မှုဖြင့် ထောင်မှလွတ်လာသော အမျိုးသားတစ်ဦးသည် နေအိမ်ရှေ့တွင် လည်ပင်းကြိုးကွင်းစွပ်လျက် သံသယဖြစ်ဖွယ် သေဆုံးနေသည်ကိုတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့က မိသားစုဝင်များကိုစစ်ဆေးရာ အဆိုပါ အမျိုးသားသည် အရက်မူးပြီး ဖခင်ကိုရိုက်နှက်နေ၍ မိခင်ဖြစ်သူကဝင်ဆွဲရင်း သတ်မိခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဝမ်းတွင်းမြို့နယ် ကန်ကြီးကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် သိန်းနိုင်(ခ)ဖိုးမဲ သေဆုံးရခြင်းမှာ ကြိုးဆွဲချသေဆုံးခြင်း မဖြစ်နိုင်ဟု ရဲကသုံးသပ်တွေ့ရှိ၍ ရွှေတောင်ရဲစခန်းက (ပ)၂၁၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၁/၂၀၁၉ အမှုနှင့်ပတ်သက်၍ အခင်းဖြစ်စဉ်အနီးအနားရှိသော အသတ်ခံရသူ သိန်းနိုင်(ခ)ဖိုးမဲ၏ ဖခင် ဦးအောင်မြ၊ မိခင် ဒေါ်သန်းရီ၊ ညီမ မဖြူဖြူတို့အား ရွှေတောင်နယ်မြေရဲစခန်းသို့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ ခေါ်ယူစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာ သေဆုံးသူ သိန်းနိုင်(ခ)ဖိုးမဲသည် ၎င်း၏ဖခင် ဦးအောင်မြအား အရှည်တစ်လံခန့်ရှိ ဝါးတုတ်ဖြင့် ရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်နေစဉ် သိန်းနိုင်(ခ)ဖိုးမဲသည် ယခင်အရက်မူးစဉ် လုပ်သည့်ပုံစံအတိုင်း ၎င်း၏လည်ပင်း၌ နိုင်လွန်ကြိုးတစ်ချောင်း ချည်ထားခဲ့ကြောင်း၊ ဖခင်အားရိုက်နေစဉ် မိခင်ဖြစ်သူ ဒေါ်သန်းရီ ရောက်လာပြီး သိန်းနိုင်(ခ)ဖိုးမဲအား ထိုးကြိတ်ရိုက်နှက်၍ လည်ပင်းရှိနိုင်လွန်ကြိုးအားဆောင့်ဆွဲရာ သိန်းနိုင်(ခ)ဖိုးမဲမှာ နေအိမ်ရှေ့ကွက်လပ်သို့ ပက်လက်လန်ကျခဲ့ကြောင်း၊ ၎င်းအချိန်တွင် ဒေါ်သန်းရီက ထိပ်ခေါင်းပါ အရက်ပုလင်းကွဲဖြင့် မေးစေ့အားထိုးခဲ့ကြောင်း၊ ဒေါ်သန်းရီ၏ ပြုလုပ်မှုကြောင့် သားဖြစ်သူ သိန်းနိုင်(ခ)ဖိုးမဲမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားအရင်းဖြစ်သူ သိန်းနိုင်(ခ)ဖိုးမဲအား အသက်သေဆုံးသည်အထိပြုလုပ်မိခဲ့သူ ဒေါ်သန်းရီ (၆၀) နှစ်အား ဖြောင့်ချက်ယူ၍ ဝမ်းတွင်းမြို့နယ်တရားရုံးသို့ ဆက်လက်တရားစွဲတင်သွားမည်ဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကျော်စိုးမိုး