News

POST TYPE

NEWS

သထုံတွင် အစာအဆိပ်သင့်ပြီး ဆရာမတစ်ဦးနှင့် ကျောင်းသားခြောက်ဆယ်နီးပါးဆေးရုံရောက်
08-Nov-2019

ပုံစာ- အစာအဆိပ်သင့်သည့်ကလေးများ သထုံဆေးရုံတွင် ဆေးကုသခံယူနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဒေါ်ခိုင်ခိုင်လဲ့

သထုံ၊ နိုဝင်ဘာ ၈

မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာအုပ်စု ငါးပြေမကျေးရွာ အ.မ.က ကျောင်း မွေးနေ့အလှူတွင် ကျွေးမွေးသည့် အစားအသောက်များ စားမိရာမှ ဆရာမတစ်ဦးနှင့် ကျောင်းသူ ကျောင်းသား ခြောက်ဆယ်နီးပါး အစာအဆိပ်သင့်ခဲ့ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အမက ငါးပြေမကျောင်းတွင် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က မွေးနေ့အလှူအဖြစ် ကျွေးမွေးသည့် ရေခဲမုန့်နှင့် မွေးနေ့ကိတ်များ စားမိကြရာမှ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံနှင့် သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်။
ဆေးရုံသို့ တက်ရောက်ဆေးကုသခံနေရသည့် လူနာများသည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း စောင့်ကြည့်နေရသေးကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသင်းသင်းအိက ပြောသည်။

“အစာအဆိပ်သင့်သူတွေက ရေခဲမုန့်နဲ့ မွေးနေ့ကိတ်ကို နေ့လယ် ၁ နာရီလောက်မှာ စားထားကြတယ်၊ ဆေးရုံကို ရောက်လာကြတာရှိသလို ကြားမှာ ဆေးခန်းကို သွားတာတွေလည်းရှိတယ်” ဟု ဒေါက်တာသင်းသင်းအိက ပြောသည်။

အစာအဆိပ်သင့်မှု အဖြေမှန်သိရှိနိုင်ရေးအတွက် လူနာ၏အန်ဖက်များကို နမူနာယူကာ ဓာတ်ခွဲခန့်သို့ ပို့ဆောင် စစ်ဆေးနေကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးက ဆက်ပြောသည်။

ကျောင်းတွင် ကျွေးမွေးသည့်မွေးနေ့ကိတ် ရေခဲမုန့်တို့ကို စားပြီးနောက် ကလေးများ အော့အန်လာသဖြင့် မိဘများက ဆေးရုံသို့ ပို့ဆောင် ဆေးကုသခဲ့သည်ဟု ကျောင်းသားမိဘတို့က ပြောသည်။

“ရေခဲမုန့်စားပြီး ကလေးက အန်တယ်၊ မွေးနေ့ကိတ်ကတော့ အယောက်တိုင်း မစားပါဘူး။ ရေခဲမုန့်ပဲ စားကြတာ အန်တာတစ်ခုပဲဖြစ်တယ်။ ကျန်တာ ဘာမှမဖြစ်ဘူး၊ ကလေးတွေ အန်တော့ မိဘတွေ လာပြန်ခေါ်ကြပြီး ဆေးရုံပို့လိုက်ကြတယ်” ဟု အစာအဆိပ်သင့်ခဲ့သည့် ကလေးတစ်ဦး၏ အဘွားဖြစ်သူ ဒေါ်မြင့်ကြည်က ပြောသည်။
အောက်တိုဘာလကလည်း ကျိုက်ထိုမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုမှ နန်းကြီးသုပ်၊ ကြက်ဆီထမင်းနှင့် ရေခဲမုန့် ဆွမ်းဘုန်းသည့် သံဃာတော်နှင် သာမဏေ အပါး ၆၀ ကျော် အစာအဆိပ်သင့်ကာ သိပ်ဇရပ်တိုက်နယ်ဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ရသည်လည်းရှိသည်။

Dawei Watch