POST TYPE

NEWS

ဘာဘ်ဘယ် ဆိုင်ကလုန်း မုန်တိုင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်
07-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ ၇

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၇ရက် နေ့လည် ၁ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေအလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ကြေညာသည်။

အဆိုပါ မုန်တိုင်း၏ နာမည်ကို ဘာဘ်ဘယ် (BULBUL) ဟု အမည်ပေးထားပြီး ယင်းမုန်တိုင်းသည် ပုသိမ်မြို့၏ အနောက်တောင်ဘက်၊ ရေမိုင် (၃၄၀) ခန့်နှင့် ဂွမြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၅၀) အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကာ မြောက်ဘက်သို့ ရွှေလျားနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါမုန်တိုင်းမှာ မြန်မာစံတော်ချိန် (၁၃း၀၀) နာရီအချိန်တွင် မြောက်လတ္တီကျူ (၁၄.၇) နှင့် အရှေ့လောင်ဂျီကျူ (၈၉.၃) ဒီဂရီတွင်ရှိပြီး ဗဟိုလေဖိအား (၉၉၇) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။

ဘာဘ်ဘယ် (BULBUL) ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ယနေ့နေ့လည်မှ နောက် ၄၈ နာရီအတွင်း မကွေး၊ ပဲခူး၊ ရန်ကုန်၊ ချင်း၊ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္လာရီ၊ မွန်၊ ကယား၊ ရှမ်းတို့တွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး ရန်ကုန်၊ ရောဝတီနှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ဆိုသည်။

မုန်းတိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရံဖန်ရံခါမိုး သက်လေပြင်များကျရောက်ပြီး မိုးသက်လေပြင်းများကျစဉ် တစ်နာရီမိုင် ၄၀ အထိ တိုက်ခတ်နှုန်းဖြင့် လေတိုက်ခတ်နိုင်ကာ လှိုင်းအမြင်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။

အဆိုပါ ဘာဘ်ဘယ် (BULBUL) ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။

အေးချမ်းသူ