News

POST TYPE

NEWS

ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေတို့ နှစ်နိုင်ငံလုံးတွင် အသုံးပြုခွင့်အတွက် ဗဟိုဘဏ်ဥက္ကဋ္ဌနှစ်ဦး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
23-Oct-2019


ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂၃

ထိုင်းဗဟိုဘဏ်ဥက္ကဋ္ဌ မစ္စတာဗီရာထိုင်းဆန်သီပရာဟော့နှင့် မြန်မာ့ဗဟိုဘဏ် ဥက္ကဋ္ဌဦးကျော်ကျော်မောင်တို့သည် အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သော နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် ကမ္ဘာ့ဘဏ် World Bank အစည်းအဝေးတွင် နားလည်မှုစာချွန်လွှာ နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြရာ ထိုင်းဘတ်နှင့် မြန်မာကျပ်တို့ကို နှစ်ဖက်လုံးတွင် အသုံးပြုခွင့် ငွေပေးချေခွင့် ပါဝင်ကြောင်း The Nation သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်များကို အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဘက်က ရေးသားသော သတင်းတွင် ဖော်ပြထားသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဟု ထိုင်းဗဟိုဘဏ်က အောက်တိုဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂ နိုင်ငံလုံးတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ နားလည်မှုစာချွန်လွှာတွင် ပါဝင်ခဲ့သည်။

ထို့ပြင် ဘဏ္ဍာရေးကဏ္ဍ၊ ငွေပေးချေမှု ကဏ္ဍတို့တွင် တီထွင်ဆန်းသစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များလည်း ပါဝင်သည်။

ပိုမိုပြီး ထိရောက်သွက်လက်သော ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲခြင်းများ ဖော်ဆောင်ရန်အတွက် ရည်ရွယ်သည်ဟု The Nation သတင်းက ဖော်ပြထားသည်။

ထိုင်းငွေ အလွန်မာကျောလာခြင်းကို ထိန်းကွပ်ရန်အတွက် ဒေသတွင်းဝယ် ထိုင်းဘတ်နှင့် အခြားငွေကြေးများ သုံးစွဲမှု မြင့်တက်လာစေရန် ထိုင်းဗဟိုဘဏ်က လှုံ့ဆော်လျက်ရှိသည်။ 

F-02



  • VIA