POST TYPE

NEWS

ကာကွယ်ဆေးများ ဝယ်ယူရန် ကန်ဒေါ်လာ ၁၀ သန်း အသုံးပြု
23-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၂

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး အပါအဝင် ကာကွယ်ဆေးများ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၀ သန်း အသုံးပြုထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို ၁၉၈၇ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့်ရောဂါ ၁၁ မျိုးမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ထို့အတူ ကာကွယ်ဆေးလုပ်ငန်းများအတွက် Gavi အဖွဲ့က ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၂၃ သန်းကိုလည်းကောင်း ကူညီပေးအပ်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Unicef၊ Gavi၊ Rotary Club Yangon အဖွဲ့များ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အပါအဝင် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပံ့ပိုးမှုအားများ ရယူဆောင်ရွက်လျက်ရှိကြောင်း ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

ထို့ပြင် လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ရိုတာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ဝမ်းလျှောရောဂါကာကွယ် ဆေးကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကိုလည်းကောင်း ထပ်မံတိုးချဲ့၍ ထိုးနှံပေးသွားရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေနှင့် အသက် တစ်နှစ်အောက်ကလေးငယ်များ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် တီဘီဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ ဘီရောဂါ၊ ဝက်သက်ရောဂါ၊ အဆုတ်ရောင် ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။ 

J-12