POST TYPE

NEWS

AA ပြောခွင့်ရအရာရှိ ခိုင်သုခ၏ ယောက်ဖအပါအဝင် သုံးဦးကို သက်သေမခိုင်လုံ၍ တရားရှင်လွှတ်
23-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၂

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲဆိုခံထားရသော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ပြောခွင့်ရ အရာရှိ ခိုင်သုခ၏ ယောက်ဖ ဦးမောင်ဖြူသန်း အပါအဝင် ၃ ဦးကို ကျောက်ဖြူခရိုင် တရားရုံးက သက်သေခိုင်လုံမှု မရှိသောကြောင့် ယမန်နေ့က တရားရှင်လွှတ်ပေးလိုက်ကြောင်း ရှေ့နေဦးထိန်လင်းက ယနေ့ (အောက်တိုဘာ ၂၂ ရက်) ပြောသည်။

ယခုနှစ် ဇွန်လအတွင်းက အမ်းမြို့နယ်၊ ဓာတ်တော်ရွာအနီးတွင် တပ်မတော်စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဇူလိုင်လ ၇ ရက်တွင် ဓာတ်တော်ရွာသားများဖြစ်သည့် ဦးမောင်ဖြူ သန်း၊ ဦးရဲဘော်သူနှင့် ဦးစံအောင်ကျော်တို့ကို တပ်မတော်နှင့် အမ်းမြို့နယ်ရဲစခန်းတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးကို အမ်းနယ်မြေခံ တပ်ရင်း ခမရ ၃၇၃ မှ ဗိုလ်မှူးတင်အောင်လင်းက တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၁(ဂ) တို့ဖြင့် အမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးထိန်လင်းက ပြောသည်။

၃ လကျော်ကြာ (ရုံးချိန်းပေါင်း ၁၁ ချိန်းခန့်) စစ်ဆေးပြီးနောက် စွဲချက် တင်၊ မတင် ဆုံးဖြတ်ရာတွင် သက်သေမခိုင်လုံသည့်အတွက် တရားရှင်လွှတ်ရန် ခရိုင်တရားသူကြီး ဦးခင်မောင်ဌေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ဦးမောင်ဖြူသန်းတို့ သုံးဦးလုံး ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဓာတ်တော်ရွာသို့ ပြန်ရောက်ပြီဖြစ်ကြောင်း အတူလွတ်မြောက်လာသူ ဦးရဲဘော်သူက ပြောသည်။

“ကျွန်တော်တို့က အစတည်းက အပြစ်မှမရှိတာ လွှတ်ပေးရမှာပေါ့၊ လယ်ပဲလုပ်စားကြတာ တခြားဘာမှမလုပ်ဘူး”ဟု ဦးရဲဘော်သူက ပြောသည်။

ယင်းအပြင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကိုလည်း ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ဖမ်းဆီးကာ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည်။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပြန်လာသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ ကိုကျော်နိုင်နှင့် ညီမ မမိုးနှင်း ဖြူတို့ နှစ်ဦးကိုလည်း အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပေ။ 

အောင်ငြိမ်းချမ်း၊ ဝင်းနန္ဒာ (Myanmar Now)