News

POST TYPE

NEWS

အဝေးသင်နှစ်ကြိမ်ခွဲတက်ရမည်ကို ကျောင်းသားများဆန္ဒပြ
22-Oct-2019



ရန်ကုန်၊ အောက်တိုဘာ ၂၂

အဝေးသင် ဝိဇ္ဇာဘာသာရပ်အထူးပြုများ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည်ကို ရန်ကုန်၊ မိတ္ထီလာ၊ ထားဝယ်၊ မုံရွာမြို့များရှိ အဝေးသင်ကျောင်းသားများက တက္ကသိုလ်အလိုက် အဝေးသင်ကျောင်းသားများပေါင်းကာ နံရံကပ်စာစောင်များကပ်၍ အောက်တိုဘာ ၂၂ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ 

လာမည့်နှစ်တွင် အဝေးသင်ကျောင်းသားများ အနီးကပ်နှစ်ကြိမ်တက်၍ စာမေးပွဲဖြေရမည်ဖြစ်ပြီး အဆိုပါစနစ်ကို လန်ဒန်ရှိ Open University မှ သုတေသနပြုလုပ်၍ အကြံပြုထားခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးက အောက်တိုဘာ ၁၆ ရက်ပြုလုပ်သည့် တက္ကသိုလ်များ ဖွံဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲတွင် ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် ဒဂုံတက္ကသိုလ်အဝေးသင်ကျောင်းသား၊ ကျောင်းသူများအသင်းက ဒဂုံတက္ကသိုလ်ကျောင်းဝင်ပေါက်၊ ကားမှတ်တိုင်များ၊ လမ်းညွှန်ဆိုင်းဘုတ်များတွင် “ကျောင်းသားထု ဆန္ဒမပါသော အဝေးသင်စနစ်အလိုမရှိ” စာတန်းပါ နံရံကပ်စာစောင်များကပ်၍ ဆန္ဒပြခဲ့ကြသည်။

အဝေးသင်ကျောင်းသား အများစုသည် အလုပ်လုပ်ရင်း ကျောင်းတက်နေရသူများဖြစ်ပြီး အနီးကပ် ၁၀ ရက်တက်ရန်ပင် အလုပ်မှ ခွင့်မရခြင်းများ၊ အလုပ်ထွက်ရခြင်းများစသော အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသား၊ ကျောင်းသူများအသင်းမှ ဥက္ကဋ္ဌကိုဟိဏ်းသစ်က ပြောကြားသည်။

“ပညာရေးဝန်ကြီးဌာနဆိုတာ ဆရာရော ကျောင်းသားရောပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ လုပ်ဆောင်မယ့်အရာတိုင်းမှာ ကျွန်တော်တို့ဆန္ဒတွေလည်း ပါဖို့လိုတယ်။ ဒီစနစ်အသစ်က ဆရာတွေကျောင်းသားတွေရဲ့ ဆန္ဒမပါဘူး။ လောလောဆယ်အထိ ပညာရေးဝန်ကြီးဌာနက အာဏာရှင်ဆန်နေတုန်းပဲ”ဟု ၎င်းက ပြောကြားသည်။
 
အနီးကပ် နှစ်ကြိမ်ခွဲတက်ရမည်ကို ကန့်ကွက်ကြောင်းနှင့် အဝေးသင်ကျောင်းသားများ အခက်တွေ့နေသော စာစဉ်ထုတ်ရာတွင် နောက်ကျမှ ရရှိခြင်း၊ လုပ်ငန်းခွင်ဝင်နေသော ကျောင်းသားများအတွက် သက်ဆိုင်ရာလုပ်ငန်းများမှ ခွင့်ရက်ရရှိရန် ကနဦးဖြေရှင်းပေးသင့်ကြောင်း ဒဂုံတက္ကသိုလ်အဝေးသင်ကျောင်းသားအသင်းက ကြေညာချက် ထုတ်ပြန်ထားသည်။ 

မူလက အဝေးသင် ဝိဇ္ဇာဘာသာရပ်အထူးပြုကျောင်းသားများအနေဖြင့် ယခုနှစ်မှစ၍ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည်ဖြစ်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ကျောင်းသားများက ကန့်ကွက်သောကြောင့် ယင်းကြေညာချက်ကို ရုပ်သိမ်းကာ ဆိုင်းငံ့ထားခြင်းဖြစ်သည်။ 

ကျော်ဖြိုး