News

POST TYPE

NEWS

ဒုက္ခသည်အချို့ ဘင်္ဂလားဒေ့ရှ်မှ မြန်မာဘက်သို့ သဘောဆန္ဒအလျောက်ပြန်လည်ဝင်ရောက်
22-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၂

ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိနေသည့် ဒုက္ခသည်အချို့ မြန်မာနိုင်ငံအတွင်းသို့ သဘောဆန္ဒအတိုင်း ပြန်လည် ဝင်ရောက်လာနေပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဘင်္ဂါလီဒုက္ခသည် ၂၉ ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် ၂၉ ဦးကို နယ်စပ်တွင် ဖွင့်လှစ်ထားသည့် တောင်ပြို့လက်ဝဲ ပြန်လည်လက်ခံရေးစခန်းတွင် တရားဝင်လက်ခံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် မိမိသဘောဆန္ဒအလျောက် ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် အရေအတွက် စုစုပေါင်း ၃၅၁ ဦးထိရှိလာပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဒုက္ခသည်များ တရားဝင်လွှဲပြောင်းရန် သဘောတူခဲ့ပြီး အဆိုပါ ပြန်လည်လက်ခံရေး စခန်းများကို ဖွင့်လှစ်ထားခဲ့သော်လည်း ယင်းဒုက္ခသည်များအနေဖြင့် ဝင်ရောက်လာခဲ့ကြခြင်းမရှိခဲ့ပေ။

အဆိုပါ ဒုက္ခသည် လွှဲပြောင်းမှုမအောင်မြင်ရခြင်းမှာ အာဆာ (ARSA) အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်မှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် စာရင်းများအရ စိစစ်ပြီး နေရပ်စွန့်ခွာသူ ၃၀၀၀ ကျော်ခန့်ကို ဩဂုတ်လ ၂၂ ရက်နေ့မှ စတင်လက်ခံရန် နှစ်နိုင်ငံ သဘောတူထားခြင်းဖြစ်သည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ငါးခူရနှင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းနှစ်ခုကို ဖွင့်လှစ်ထားသည်။

J-08