News

POST TYPE

NEWS

ချင်းတိုင်းရင်းသား အရပ်သားများပျောက်ဆုံးမှု AA လက်ချက်ဟု ခူမီးအဖွဲ့ထုတ်ပြန်
21-Oct-2019
ကလေး၊ အောက်တိုဘာ ၂၁

ပလက်ဝမြို့နယ်အတွင်းမှ ချင်းတိုင်းရင်းသား အရပ်သားများပျောက်ဆုံးမှု AA လက်နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားပြီး ယခုနှစ် ဇွန်လမှ အောက်တိုဘာ ၁၅ ရက်အထိ စာရင်းအရ ပျောက်ဆုံးခဲ့သည့် ချင်းတိုင်းရင်းသား အရပ်သား ၁၅ဦးရှိနေပြီဖြစ်ကြောင်း ယင်းကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပျောက်ဆုံးမှုများကို လေ့လာချက်အရနှင့် ခိုင်လုံအထောက်အထားများအရ AA အဖွဲ့နှင့် ဆက်စပ်၍ အများဆုံး ဖြစ်ပွားသည်ဆိုသော အချက်အပါအဝင် အချက် ၁၀ ချက်ကို ယင်းကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

AA အဖွဲ့၏ လက်ချက် ပျောက်ဆုံးစာရင်းအရ အသက်မပြည့်သေးသူ လူငယ်နှစ်ဦးပါဝင်သကဲ့သို့ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး၊ အမျိုးသား ၆ ဦးအပြင် အသက် ၆၀ ခန့်အမျိုးသားနှစ်ဦးအထိ ပါဝင်ကြောင်း အဆိုပါကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ယင်းကောင်စီ အတွင်းရေးမှူး ဦးစောမြက “ဒါတွေက မျက်မြင်ကိုယ်တွေ့ပါ။ သံထောင်ဖက်က လူတွေဆိုရင် မြောက်ဦးကို ဈေးသွားဝယ်တယ်။ အပြန်လမ်းမှာ AA က ဖမ်းတယ်။ ၅ ဦးလောက် ဖမ်းတယ်။ ၃ ဦးကို ထိန်းသိမ်းထားပြီး နှစ်ဦးကို ပြန်လွှတ်ပေးတယ်။ အဲဒီတော့ AA လုပ်တယ်ဆိုတာ သေချာပြီလေ။ အဲဒါ ငြင်းလို့ မရဘူး”ဟု ပြောဆိုသည်။

ပျောက်ဆုံးနေသူများတွင်ပါဝင်သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက “ခုထိ သတင်းအစအန မရသေးဘူး။ သူတို့ ပြန်လွတ်လာဖို့ မိသားစုတွေက မျှော်လင့်နေကြပါတယ်”ဟု ပြောကြားသည်။ 

ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က AA အဖွဲ့သည် ပလက်ဝနယ်အတွင်း ခြေကုပ်ရယူလှုပ်ရှားနေသည့် အဖွဲ့ဖြစ်ပြီး ၎င်းတို့ကို တပ်မတော်က တိုက်ခိုက်ကြောင်း ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံများကိုလည်း တပ်မတော်က အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။ 

R-20



  • VIA