News

POST TYPE

NEWS

မကွေးမြို့တွင် ပထမအကြိမ် မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ စုပေါင်းလှူဒါန်း
21-Oct-2019

ဓာတ်ပုံ - တန်ဖိုးရှိသောလူသားများအသင်းချုပ်

မကွေး၊ အောက်တိုဘာ ၂၁

မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ ပထမအကြိမ် စုပေါင်းလှူဒါန်းပွဲကို မကွေးမြို့သင်ကြားရေးဆေးရုံကြီးတွင် အောက်တိုဘာ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း တန်ဖိုးရှိသောလူသားများအသင်းချုပ်ထံမှ သိရသည်။

မျက်ကြည်လွှာအလှူရှင် ၅၈ ဦး၊ ခန္ဓာကိုယ်အလှူရှင် ၃၈ ဦးနှင့် ကိုယ်တွင်းအင်္ဂါအလှူရှင် ၃၃ ဦး၊ စုစုပေါင်းအလှူရှင် ၁၂၉ ဦး လာရောက်လှူဒါန်းခဲ့ကြောင်း ယင်းအသင်းချုပ် ဥက္ကဋ္ဌ ဦးဇေသူကိုကိုက ပြောသည်။

“လူတစ်ဦးသေဆုံးသွားတဲ့အခါ မိသားစုဝင်တွေက အသုဘချတယ်ဆိုတဲ့ စကားလုံးလေးတစ်ခုနဲ့တင် သင်္ချိုင်းကုန်းကို သွားရောက်စွန့်ပစ်တာပဲ ဖြစ်ပါတယ်။ အဲလိုသေဆုံးသွားတဲ့လူတွေကို လှူဒါန်းလိုက်တဲ့အခါ နောက်လူတွေ အလင်းရစေမယ်၊ ဆေးကုသခွင့် ရစေမယ်။ နောက်မျိုးဆက်တွေ ဆေးကုသခွင့်ရဖို့အတွက် ပညာသင်ကြားရေးတွေမှာ လှူလို့ရပါတယ်။ အဲ့လိုလှူဒါန်းတာဟာ အင်မတန်မွန်မြတ်တဲ့ကုသိုလ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မကွေးမြို့မှ ခန္ဓကိုယ်အလှူရှင် ဒေါ်မြကုဋေလိူင်က “ဘာမှရယူခြင်းမပါတဲ့စိတ်နဲ့ စွန့်လွှတ်ရတဲ့ပီတိဖြစ်ရပါတယ်။ ကိုယ်လှူဒါန်းထားတဲ့ ခန္ဓာကိုယ်နဲ့ နောက်လူတွေ အသက်ရှင်သန်ခွင့်ရမယ်။ ပညာသင်ကြားမယ့် ဆေးကျောင်းသား/သူတွေအတွက်လည်း လက်တွေ့သင်ကြားတာကို အထောက်အကူဖြစ်တဲ့အတွက် နောင်လာနောက်သားတွေအတွက်လည်း အကျိုးရရှိမှာပါ” ဟု ပြောသည်။

ထိုသို့ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့်ကိုယ်တွင်းအင်္ဂါများ လှူဒါန်းပွဲများကို နိုဝင်ဘာလတွင် တောင်ကြီး၊ ဒီဇင်ဘာလတွင် ရန်ကုန်နှင့် ၂၀၂၀ ဇန်နဝါရီလတို့တွင် မန္တလေးမြို့တို့၌ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

လွင်အေး