News

POST TYPE

NEWS

အစိုးရ၏ သတင်းယူမှုကန့်သတ်ချက်ကို သြစတြေးလျသတင်းစာကြီးများ ကန့်ကွက်ဆန္ဒပြ
21-Oct-2019


ကင်ဘာရာ၊ အောက်တိုဘာ ၂၁

သြစတြေးလျ၏ ပြိုင်ဘက်သတင်းစာကြီးများသည် အစိုးရထုတ်ပြန်ချက်အား နေရာအနှံ့ဖျက်ထားသော စာရွက်ကို ပြိုင်တူ မျက်နှာဖုံးတင်ဖော်ပြကာ သတင်းရယူခွင့်ကို ကန့်သတ်ခြင်းများကို ကန့်ကွက်ဆန္ဒပြကြကြောင်း သတင်းများဖော်ပြထားသည်။

သြစတြေးလျ သတင်းမီဒီယာကော်ပိုရေးရှင်းကြီး နှစ်ခုသည် တနင်္လာနေ့က လျှို့ဝှက်ချက်ဟု ဖော်ပြထားသော အစိုးရစာတမ်းကို မျက်နှာဖုံးတင်ကာ ဖော်ပြထားခြင်း ဖြစ်သည်။

သတင်းမီဒီယာသမားများ သတင်းရယူခြင်းကို အခက်အခဲများဖြစ်စေကာ လျို့ဝှက်ချက်များထားသော ယဉ်ကျေးမှုကို သြစတြေးလျတွင် စတင်စေမည့် နိုင်ငံတော်လုံခြုံရေးဥပဒေကို ရည်ရွယ်ဆန္ဒပြခြင်း ဖြစ်သည်။

သတင်းစာလွတ်လပ်ခွင့်ကို ထောက်ခံပါကြောင်း၊ သို့သော် ဥပဒေ၏ အထက်တွင် မည်သူမှ မရှိပါကြောင်း အစိုးရက ပြောကြားထားသည်။

ပြီးခဲ့သည့် ဇွန်လက သြစတြေးလျ ရုပ်သံထုတ်လွှင့်မှုကော်ပိုရေးရှင်း ABC သတင်းဌာနနှင့် သတင်းစာများ ထုတ်ဝေနေသော News Corp Australia တို့ကို ရဲက စီးနင်းစစ်ဆေးမှုများရှိခဲ့ရာ သတင်းမီဒီယာသမားများအကြား ကြီးစွာသော စိတ်အနှောက်အယှက်များ ဖြစ်ခဲ့သည်။

လုံခြုံရေးတပ်များအတွင်းမှ သတင်းဖွင့်ချသူများကြောင့် ထွက်ပေါ်လာသော သတင်းဆောင်းပါးများ အရေးအတွက် ရဲက မီဒီယာများကို လာရောက်စီးနင်းခြင်း ဖြစ်သည်။

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုများ၊ သြစတြေးလျအစိုးရ အေဂျင်စီတစ်ခုက ပြည်သူများကို စုံစမ်းထောက်လှမ်းစောင့်ကြည့်နေမှုများကို ဖော်ထုတ်ရေးသားခြင်းအား အစိုးရက မလိုလားခြင်း ဖြစ်သည်။

သတင်းအချက်အလက် သိပိုင်ခွင့်အဖွဲ့ Right to Know Coalition က လှုပ်ရှားမှုပြုလုပ်ခဲ့ရာ တယ်လီဗေးရှင်း ရုပ်သံလိုင်းများ၊ ရေဒီယိုများနှင့် အွန်လိုင်း သတင်းဌာနများက ထောက်ခံခဲ့ကြသည်။

ကမ္ဘာကျော်သတင်းစာများ ဖြစ်သော The Australian နှင့် The Daily Telegraph တို့အပါအဝင် သတင်းစာများစွာက သတင်းအချက်အလက်များ ဖျက်ထားသော အစိုးရ ထုတ်ပြန်ချက်ကို မျက်နှာဖုံးလုပ်ခဲ့ကြကာ၊ ပြည်သူများအနေဖြင့် အစိုးရသည် မည်သည့်အချက်အလက်များကို ပြည်သူမသိစေချင်သနည်းဟု မေးကြရန် မီဒီယာသမားများက တိုက်တွန်းထားသည်။

ပြည်သူအပေါ် လျို့ဝှက်ချက်တွေထားတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် သြစတြေးလျ ရောက်ရှိသွားလိမ့်မည်ဟု သတင်းကော်ပိုရေးရှင်းကြီး၏ စီမံဒါရိုက်တာ ဒေးဗစ်အန်ဒါဆင်က ပြောကြားသည်။

F-02