News

POST TYPE

NEWS

ငွေဆောင်ကမ်းခြေဒေသတွင် ငါးပိုမို ဖမ်းမိ
21-Oct-2019

ဓါတ်ပုံ - လျှားလတ်

ပုသိမ်၊ အောက်တိုဘာ ၂၁

ငွေဆောင်ကမ်းခြေဒေသတွင် ယခုနှစ် ငါးဖမ်းရာသီအစ အောက်တိုဘာလ ဒုတိယပတ်မှ စတင်၍ ယခင်နှစ်များထက် ငါး ပိုမိုဖမ်းဆီးရမိနေကြောင်း ဒေသခံငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ငါးဖမ်းပိုက်ဆွဲပိုက် တစ်ဝိုင်းဆွဲလျှင် ငါးအကောင်ရေ ၂၅၀၀ နှင့် အထက် ဖမ်းဆီးရမိနေခြင်းဖြစ်ပြီး ကျန်ခဲ့သော ၃ နှစ်တာ ကာလက ဆွဲပိုက်ဝိုင်းတစ်ဝိုင်းတွင် ဖမ်းခြင်း၏ ထက်ဝက်ကျော် ဖမ်းမိနေခြင်းဖြစ်ကြောင်း ယင်းတို့က ဆိုသည်။

“ငါးအုပ်တစ်အုပ်မှာ အကောင်ရေ ၂၅ဝဝ ကနေ ၄၀၀၀ ကျော်လောက် ရှိနိုင်တယ်၊ ပိုက်နဲ့ မဆန့်ဘူး ဆွဲရတာ လူအားနဲရင် အလုပ်မဖြစ်ဘူး၊ တစ်ဝိုင်းဆွဲရင် ကျန်ဝိုင်းက လူတွေကလည်း ဝိုင်းကူဆွဲရတယ်” ဟု ရေလုပ်သား ဦးမြင့်အေးက ပြောသည်။

ထိုကဲ့သို့ ဖမ်းမိခြင်းမှာ ငါးကြီးများ၏ အစာဖြစ်သော ငါးရံစာခေါ် ငါးကလေးများ ငွေဆောင်ကမ်းခြေတစ်ဝိုက်တွင် ပွားများလာခြင်းကြောင့် ဖြစ်ကြောင်း အသက် ၅၀ ကျော်ရှိ ဒေသခံ ဦးကျော်သန်းဦး သုံးသပ်သည်။

“ငွေဆောင်ကမ်းခြေတစ်ဝိုက်မှာ မိုးဦးကာလ ငါးရစ်ငါးသန် ငါးဥချချိန် ငါးမဖမ်းရ စည်းကမ်းချက်ကို ဒေသခံ ရေလုပ်သားတွေ လိုက်နာတော့ မိုးကာလအတွင်း ငါးအုပ်က ရှင်သန်စားကျက်ကျနေခဲ့တာ” ဟု ၎င်းက ဆက်ပြောသည်။

ငါးမဲလုံး၊ ငါးမြှီးစင်းနှင့် ငါးကျီးကန်းစသည့် ငါးများကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယင်းငါးများကို ကားများဖြင့် ပုသိမ်မြို့နှင့် ရန်ကုန်မြို့ရှိ ငါးပုဇွန်ရောင်းဝယ်ရေးဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ငွေဆောင်ကမ်းခြေဒေသ ရေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

R-12