News

POST TYPE

NEWS

နာရီ ၂၀ နီးပါးကြာမြင့်သော ကမ္ဘာ့အရှည်ကြာဆုံး ခရီးသည်တင်လေယာဉ်ခရီးစဉ် အောင်မြင်စွာ စမ်းသပ်ပျံသန်း
21-Oct-2019


မဲလ်ဘုန်း၊ အောက်တိုဘာ ၂၀

ဩစတြေးလျလေကြောင်းလိုင်း တစ်ခုဖြစ်သော Qantas သည် ကမ္ဘာ့ အရှည်ကြာဆုံး ခရီးသည်တင်လေယာဉ် ခရီးစဉ်အဖြစ် နာရီ ၂၀ နီးပါးကြာမြင့်သော နယူးယောက်မှ ဆစ်ဒနေခရီးစဉ်ကို တနင်္ဂနွေနေ့က အောင်အောင်မြင်မြင်ပျံ သန်းနိုင်ခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

ဘိုးရင်း 787-9 Dreamliner အသစ်နှင့်ပျံသန်းသော အဆိုပါ Qantas 7879 ခရီးစဉ်တွင် ခရီးသည် ၅၀ ဦးပါမိုင်ပေါင်း ၁၀,၀၆၆ မိုင်အကွာအဝေးကို ၁၉ နာရီ ၁၆ မိနစ်နှင့် ပျံသန်းခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အချိန်ကြာမြင့်စွာပျံသန်းခြင်းကြောင့် လေယာဉ်မှူးများ၊ လေယာဉ် ဝန်ထမ်းများနှင့် ခရီးသည်များအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသည်ဆိုသည်ကိုလည်း လေ့လာခွင့်ရခဲ့ကြောင်း ှQantas လေကြောင်းလိုင်းက ထုတ်ပြန်သည်။

“ဒါဟာ Qantas လေကြောင်းလိုင်းနဲ့ ဩစတြေးလျလေကြောင်းပျံသန်းရေး လုပ်ငန်းအတွက်သာမက ကမ္ဘာ့လေကြောင်း ပျံသန်းရေးလုပ်ငန်းအတွက်ပါ သမိုင်းဝင် အခိုက်အတံ့တစ်ခုပါပဲ”ဟု ှQantas 7879 ခရီးစဉ် အောင်အောင်မြင်မြင် ဆင်းသက်ခဲ့ပြီးနောက် ယင်းခရီးစဉ်တွင်ကိုယ်တိုင် လိုက်ပါစီးနင်းခဲ့သော Qantas လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် အလန်ဂျွိုက်စ်က ပြောကြားခဲ့သည်။

လေကြောင်းသွားလာမှုအတွက် တောင်းဆိုမှုများ မြင့်မားလာခြင်းနှင့် လေယာဉ်များ၏ စွမ်းဆောင်ရည်တိုးတက်လာခြင်းတို့နှင့်အတူ လေကြောင်းလိုင်းများသည် အလွန်ရှည်လျားသော လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ပို၍ပို၍ ရှာဖွေကြံဆလာလျက်ရှိသည်။ 

ကမ္ဘာတစ်ဝန်း လေကြောင်းဖြင့် ခရီးသွားသူအရေအတွက်မှာ ယခုနှစ်တွင် ၄ ဒသမ ၆ ဘီလီယံရှိရာမှ ၂၀၃၇ ခုနှစ် အရောက်တွင် ၈ ဒသမ ၂ ဘီလီယံအထိ တိုးတက်လာလိမ့်မည်ဟု နိုင်ငံတကာ လေကြောင်းသယ်ယူ ပို့ဆောင်ရေးအသင်း (IATA) မှ မျှော်မှန်းထားသည်။

F-05


  • VIA