News

POST TYPE

NEWS

နှစ်ပေါင်း ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရရှိမည်ဟု မျှော်မှန်း
20-Oct-2019


ရန်ကုန်၊ အောက်တိုဘာ ၁၉

လာမည့်နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရရှိမည်ဟု မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း MIPP ကို JICA အကူအညီ တောင်းပြီး ရေးဆွဲထားတာ လက်တွေ့ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ လာမယ့်နှစ် ၂၀ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရရှိမယ်လို့ မျှော်မှန်းထားပါတယ်”ဟု ဦးသောင်းထွန်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို ၄ ဒသမ ၂ ဘီလီယံခန့် ခွင့်ပြုပေးနိုင်ခဲ့ပြီး ရင်းနှီးမြှပ်နှံမှုအပိုင်းတွင် နိုင်ငံရေးအခြေအနေအရ အမြင်မကြည်သည့်အပိုင်းများ ရှိသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် နှောင့်နှေးနေခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့်လုပ်ငန်း အခြေအနေများအရ ကမ်းလွန်ရေနံလုပ်ကွက်နှင့် ဓာတ်သတ္တုတူးဖော်ရှာဖွေမည့် လုပ်ငန်းများကို စိစစ်ခွင့်ပြုပါက လာမည့်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စံချိန်တင်ရောက်နိုင်သည့် အခြေအနေရှိကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကိုလည်း လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသိသိသာသာ အကျိုးရှိလာမည်ဟု မျှော်လင့်ကြောင်း ယင်းဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (Myanmar Investment Promotion Plan) ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက တာဝန်ယူ၍ ၂၀၁၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေနှင့် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၂၅ ခု ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၀၀၀၀ ကျော်ရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။  

J-11



  • VIA