News

POST TYPE

NEWS

ဘာစီလိုနာမြို့တွင် ခွဲထွက်ရေးသမားများနှင့် စပိန်ရဲတပ်ဖွဲ့တို့ ထိပ်တိုက်အဓိကရုဏ်းဖြစ်
19-Oct-2019


ဘာစီလိုနာ၊ အောက်တိုဘာ ၁၉

ကာ့တလန်ဒေသ ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချလိုက်ခြင်းကို မကျေနပ်သဖြင့် ဘာစီလိုနာမြို့တွင် ကာ့တလန်သားများ ဆန္ဒပြကြရာ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက် အဓိကရုဏ်းများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

အထွေထွေသပိတ်မှောက်မည်ဟု ကြေညာထားပြီး သပိတ်ကြောင်းငါးခုဖြင့် ငြိမ်းချမ်းစွာ ဘာစီလိုနာမြို့လယ်ခေါင်တွင် စုဝေးခဲ့ကြပြီး မြို့လမ်းများ ပိတ်သွားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က စတင်ခဲ့သော သပိတ်တွင် လူငါးသိန်းပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထုတ်ပြန်ထားသည်။

စပိန် ပြင်သစ် နယ်စပ်လမ်းမကိုလည်း ဆန္ဒပြသူများက ပိတ်ထားခဲ့သဖြင့် လမ်းကြောင်းများစွာ ရပ်တန့်လျက်ရှိသည်။

ရဲဖမ်းဆီးထားမှု ၁၇ မှုရှိပြီး ဒဏ်ရာရရှိသူ ၆၂ ဦးရှိကာ ၄၁ ဦးမှာ ဘာစီလိုနာမြို့မှ ဖြစ်ကြောင်း စပိန်သတင်းစာတစ်စောင်က စုံစမ်းရေးသားထားသည်။

ကာ့တလန်ဒေသခေါင်းဆောင် ကွင်တိုရာက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျေးဇူးတင်စကားပြောခဲ့ပြီး အဓိကရုဏ်းပြုလုပ်သူများကို ပြစ်တင်ပြောဆိုခဲ့သည်။

ခွဲထွက်ရေးခေါင်းဆောင်များကို ထောင်ချလိုက်ခြင်းဖြင့် ကာတာလိုးနီးယား ဒေသလွတ်လပ်ရေး လှုပ်ရှားမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် ကျွန်တော်တို့ဟာ မဲပေးပွဲဆီကို ပြန်လာကြဦးမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ဒေသခေါင်းဆောင်က ပြောကြားသည်။

အကြမ်းပတမ်းဖြစ်စဉ်များကို လုပ်ဆောင်ခဲ့သူများအနေနဲ့ ဥပဒေနဲ့တွေ့မယ်ဟု စပိန်ယာယီဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ဇ်က ဘရက်ဆဲလ်သို့ ရောက်ရှိနေစဉ် ပြောကြားခဲ့သည်။

“ကာတာလိုးနီးယား ဒေသမြို့များစွာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် အရေးယူမခံရဘဲ လွတ်နေမှာ မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အကြမ်းဖက်မှုများ လမ်းမပေါ်တွင် ပြုလုပ်ပါက ထောင်ဒဏ် ၆ နှစ်အထိ ကျခံရနိုင်ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီး ဖာနန်ဒိုဂရမ်ဒီမာလက်စကာက ပြောကြားသည်။

F-02