News

POST TYPE

NEWS

ကျိုက်ထီးရိုးဘုရားပွဲကာလအစ၌ နိုင်ငံခြားသားခရီးသွား အဝင်နည်း
18-Oct-2019


ကျိုက်ထို၊ အောက်တိုဘာ ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလအစ၌ (သီတင်းကျွတ် ရုံးပိတ်ရက်များ အတွင်း) နိုင်ငံခြားသားခရီးသွား လာရောက်မှုနည်းပါးသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၃ ရက်နေ့) မှ စတင်ခဲ့သည့် ယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလအစတွင် ယမန်နှစ်ကထက် နိုင်ငံခြားသားခရီးသွားဧည့်သည် လာရောက်မှု နည်းပါးကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

“ဒီနှစ် နိုင်ငံခြားသားတော့ နည်းတယ်၊ အရေအတွက်အတိအကျတော့ မသိသေးဘူး၊ နည်းတယ်၊ မြန်မာဘုရားဖူးပဲ များတယ်”ဟု ဦးအေးမြင့်သိန်းက ပြောသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်နေ့ထိ သတ်မှတ်ထားသည်။

“ဖွင့်ပွဲနေ့ကဆိုရင် လူတိုးမပေါက်အောင်ပဲ။ ဒီနှစ် လူပိုများတယ်၊ ကျွန်မတို့က နှစ်တိုင်းသွားတယ်၊ ဒီနှစ်လူတော်တော်များတယ် လူများတော့ နေရေး ထိုင်ရေး အခက်အခဲရှိတယ်၊ နိုင်ငံခြားသားတွေတော့ သိပ်မတွေ့ဘူး။ ကိုယ့်နိုင်ငံကလူတွေချည်းပဲ”ဟု ယခုနှစ် ဘုရားပွဲဖွင့်ပွဲသို့ သွားခဲ့သည့် ဒေါ်မိုးဇင်က ပြောသည်။

ကျိုက်ထီးရိုးဘုရားသို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများကို ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်း စည်ပင်သာယာရေးအဖွဲ့က ကောက်ခံပြီး တစ်နှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၁ သိန်းဝန်းကျင် ဝင်ရောက်လေ့ရှိသည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှာ သိရသည်။

မွန်ပြည်နယ်သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ အများဆုံးသွားရောက်ကြပြီး နိုင်ငံခြားသားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ်လျော့ကျလာကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရှိ နိုင်ငံသားဝင်ရောက်မှုစာရင်းအရ သိရသည်။

Dawei Watch


  • VIA