News

POST TYPE

NEWS

မင်းပြားနှင့် ကျောက်တော်တွင် AA လက်နက်ကိုင် သုံးဦးကို အသေဖမ်းမိ
17-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီးကျေးရွာအနီးတွင် မိုင်းထောင်နေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့ဝင်နှစ်ဦးကို အသေဖမ်းဆီးရမိကြောင်း တပ်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကမ်းနီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့ အရောက်၌ အရပ်ဝတ်များ ဝတ်ဆင်လျက် မိုင်းထောင်နေသည့် AA လက်နက်ကိုင်နှစ်ဦးအား တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်က ဆိုသည်။

၎င်းတို့ထံမှ အရှည် ၆ လက်မ၊ အချင်း ၃ လက်မရှိ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရနင်းမိုင်း သုံးလုံး၊ ဒီတိုနေတာ နှစ်ခု၊ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ မိုင်းထောင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်တော်မြို့နယ်တွင်လည်း အောက်တိုဘာလ ၁၅ ရက်နေ့က မသင်္ကာဖွယ် လူတစ်ဦးက တပ်မတော်စစ်ကြောင်းသွားလာမှုများကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားနေသူတစ်ဦးကိုလည်း အသေဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျောက်တော်မြို့၏ တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာ စစ်အောင်ကျေးရွာအနီးရှိ ရေကန်အနီးတွင် အရပ်ဝတ်ဖြင့် မသင်္ကာဖွယ်လူတစ်ဦးမှ တပ်မတော်စစ်ကြောင်း သွားလာမှုများကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသည်ကို တွေ့ရှိရခြင်းကြောင့် စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းလည်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအသေဖမ်းဆီးရမိသူကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးမှုများဆောင်ရွက်ရာ ယင်းသေဆုံးသူသည် အရက်ချက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ၎င်းဝတ်ဆင်ထားသည့် ပုဆိုးအတွင်းမှ ကြိုးဆွဲလက်ပစ်ဗုံးတစ်လုံး၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် အဆိုပါ လက်ကိုင်ဖုန်းများအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများကို အခြားဖုန်းတစ်လုံးသို့ ပြောဆိုပေးပို့ထားသည့် စာများနှင့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

AA လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ အများပြည်သူများ ဖြတ်သန်းသွားလာနေသည့် လမ်းများအား မိုင်းထောင်ခြင်းများအပြင် ကျေးရွာများအတွင်း အရပ်သားများအသွင်ဖြင့် ဝင်ရောက်နေထိုင်ပြီး တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့် သတင်းရယူပေးပို့ နေမှုများအား ဆောင်ရွက်လျက်ရှိသည်ကို သတင်းရရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

J-08